နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်ဘူတာကြီးသို့ ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ရှိသူများနှင့်အတူ ဧပြီလ ၁၉ ရက်တွင် ပြင်ဦးလွင်မြို့ ဘူတာကြီးသို့ သွားရောက်၍ ဘူတာအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြခဲ့ကြပါသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြင်ဦးလွင်ဘူတာရုံအဆောက်အဦသည် ရှေးဟောင်းအဆောက်အဦဖြစ်သဖြင့် ရှေးမူမပြတ်ထိန်းသိမ်း၍ ရေရှည်တည်တံ့စေရေး ထိန်းသိမ်းရန်လိုအပ်သည့် အခြေအနေများ၊ ရထားတွဲများနှင့် ရထား သံလမ်းများကို အဆင့်မြှင့်တင်ဆောင်ရွက် နိုင်မည့်အခြေအနေများနှင့်ပတ်သက်၍  ဆွေးနွေးမှာကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်ဘူတာကြီးမှ ပြင်ဦးလွင်-ဇီးပင်ကြီး မီးရထားခရီးစဉ်အဖြစ် လိုက်ပါစီးနင်း၍ လမ်းကြောင်းတစ်လျှောက် ပြင်ဦးလွင်ဒေသ၏ သာယာလှပသည့် ရေမြေတောတောင်သဘာဝရှုခင်းများကို ကြည့်ရှုခဲ့ပြီးနောက် မီးရထားလမ်းကြောင်းတစ်လျှောက် သန့်ရှင်းသာယာလှပ၍ မျက်စိပသာဒဖြစ်အောင် ဆောင်ရွက်သွားရန် လိုအပ်သည့် အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများအား ဆွေးနွေးမှာကြား ခဲ့ပါသည်။

အဆိုပါ ပြင်ဦးလွင်ဘူတာကြီးသည် ၁၈၉၉ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ပင်လယ်ရေမျက်နှာပြင်အထက် ၃၅၃၈ ပေတွင်ရှိကြောင်း၊ မန္တလေး-လားရှိုး မီးရထားလမ်းပိုင်းပေါ်တွင်တည်ရှိပြီး ဒေသခံပြည်သူတို့၏ ခရီးသွားလာရေးနှင့် ကုန်စည်စီးဆင်းမှုများကို အထောက်အကူများစွာ ဖြစ်စေခဲ့သည့် နှစ်ပေါင်း ၁၂၃ နှစ်ရှိပြီဖြစ် သည့်မီးရထားဘူတာကြီး တစ်ခုလည်းဖြစ်ကြောင်း၊ ဘူတာရုံအဆောက်အဦနှင့် အပြင်အဆင်ပိုင်းအားလုံးကို ရှေးမူလက်ရာမပြတ် ထိန်းသိမ်းထားရှိကြောင်း သိရှိရပါသည်။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဧပြီလ ၁၉ ရက်တွင် ပြင်ဦးလွင်မြို့ ဘူတာကြီးသို့ သွားရောက်၍ ဘူတာအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရထားတွဲများနှင့် ရထားသံလမ်းများကို အဆင့်မြှင့်တင်ဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် ပတ်သက်၍  ဆွေးနွေးမှာကြားခဲ့။
  • နိုင်ငံတော်ဝန်ကြီးချုပ်သည် ပြင်ဦးလွင်ဘူတာကြီးမှ ပြင်ဦးလွင်-ဇီးပင်ကြီး မီးရထားခရီးစဉ်အဖြစ် လိုက်ပါစီးနင်း၍ လမ်းကြောင်းတစ်လျှောက် ပြင်ဦးလွင်ဒေသ၏ သာယာလှပသည့် ရေမြေတောတောင်သဘာဝရှုခင်းများကို ကြည့်ရှုခဲ့။
  • ပြင်ဦးလွင်ဘူတာကြီးသည် မန္တလေး-လားရှိုး မီးရထားလမ်းပိုင်းပေါ်တွင်တည်ရှိပြီး ဒေသခံပြည်သူတို့၏ ခရီးသွားလာရေးနှင့် ကုန်စည်စီးဆင်းမှုများကို အထောက် အကူများစွာဖြစ်စေခဲ့သည့် နှစ်ပေါင်း ၁၂၃ နှစ်ရှိပြီဖြစ်သည့်မီးရထားဘူတာကြီးတစ်ခုဖြစ်။

Add new comment