မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ နှစ်သစ်ကူးအခါသမယတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားသည့် မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက် မင်္ဂလာစကား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၁၃၈၄ ခုနှစ်၊ နှစ်သစ်ကူးအခါသမယတွင် မိမိတို့ဖြတ်သန်းလာခဲ့ရသည့် နှစ်ဟောင်းများက အားနည်းချက်တွေကိုပြုပြင်၊ အားသာချက်တွေကို ဆင်ခြင်သုံးသပ်မြှင့်တင်ပြီး နိုင်ငံတော်နှင့် နိုင်ငံသား တို့အတွက် ပေးဆပ်သယ်ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်မင်္ဂလာစကား ပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်မင်္ဂလာစကား

(မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့)

(၂၀၂၂ ခုနှစ် ၊ ဧပြီလ ၁၇ ရက်)

နှစ်ဟောင်းကနေ နှစ်သစ်ကိုကူးတဲ့ ဒီလိုအချိန်ခါမှာ ပြည်ထောင်စုအတွင်းမှာ ရှိတဲ့တိုင်းရင်းသား ပြည်သူညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ၊ ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျား။

ဖြတ်သန်းခဲ့တဲ့ တစ်နှစ်တာကာလအတွင်း ပြန်ကြည့်မယ်ဆိုရင် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားလာခဲ့တဲ့ စိန်ခေါ်မှုအခက်အခဲတွေ၊ ပါတီစုံဒီမိုကရေစီလျှောက်လှမ်းမှုမှာ ရိုးသားတဲ့ ဒီမိုကရေစီအစား ရည်ရွယ်ချက်ရှိရှိ ဖောက်ဖျက်ကျူးလွန်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအကြပ်အတည်း များကို ကျော်ဖြတ်ခဲ့ရပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကို မိဘပြည်သူတွေနဲ့ပူးပေါင်းပြီး ကျွန်တော်တို့ ကျော်လွှားနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ကြောင်း မနှစ်က နှစ်သစ်ကူးဆုတောင်းစကားမှာ ထည့်ပြောခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်ဟာ ကျွန်တော်တို့နိုင်ငံအတွက် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှု အဆိုးရွားဆုံးဖြစ်ပွားခဲ့ရပြီး အခက်အခဲပေါင်းများစွာအတွင်းကနေ ကျော်လွှားနိုင်ခဲ့ပါပြီ။ သို့သော်လည်း အိမ်နီးချင်းနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဖြစ်ပွားမှုနှုန်းမြင့်မားနေဆဲဖြစ်ပြီး ကမ္ဘာမှာလုံးဝကင်းစင်ပြီလို့ မပြောနိုင်သေးတဲ့အတွက် ကျွန်တော်တို့တတွေ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေးအတွက် လိုက်နာ ရမယ့် စည်းမျဉ်းစည်းကမ်းများ အပြည့်အဝလိုက်နာမှုလိုအပ်ပါကြောင်း ပြောလိုပါတယ်။

ဒီနှစ်ဟာ စိန်ရတုလွတ်လပ်ရေးနေ့ရဲ့ အကြိုနှစ်ဖြစ်ပါတယ်။ ဒါကြောင့် လွတ်လပ်ရေးရဲ့အသီးအပွင့်များ၊ ဒီမိုကရေစီအုပ်ချုပ်ရေးရဲ့ အနှစ်သာရများ အပြည့်အဝခံစားရစေဖို့ ကျွန်တော်တို့အားလုံး အစွမ်းကုန်ကြိုးစားကြရပါဦးမယ်။ ဒါကြောင့် ဒီနှစ်ကို ငြိမ်းချမ်းရေးနှစ်လို့ သတ်မှတ်ပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်း သာယာမှုရှိစေရေး အစွမ်းကုန်ကြိုးစားနေပါတယ်။

ကျွန်တော့်ရဲ့ အမျိုးသားရေး ရည်မှန်းချက် ၂ ခုရှိပါတယ်။

          ၁။ နိုင်ငံတော်ကြီး သာယာဝပြောရေး

          ၂။ တိုင်းပြည် စားရေရိက္ခာပေါများရေး တို့ဖြစ်ပါတယ်။

ပြည်ထောင်စုကြီးတစ်ခုလုံး အေးချမ်းသာယာစွာနဲ့ လူတိုင်းလူတိုင်း ကိုယ်စိတ် ချမ်းသာစွာနဲ့ လုပ်ကိုင်စားသောက်နိုင်ပြီး နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ရပါမယ်။

မြေပေါ်မြေအောက် သဘာဝအရင်းအမြစ်များအသုံးချပြီး တိုင်းသူပြည်သား အားလုံးအတွက် စားရေရိက္ခာ မပူမပင်မကြောင့်မကြပြည့်စုံနေအောင် ဆောင်ရွက် ရေးပဲဖြစ်ပါတယ်။

တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာပဲရှိပါတယ်။ ပြည်သူလူထုရဲ့ စွမ်းအားနဲ့ အကောင်းဆုံးဖြစ်အောင် ကျွန်တော်ကြိုးစားသွားပါမယ်။ အောင်မြင်မယ်လို့လည်း အပြည့်အဝ ယုံကြည်ပါတယ်။

 ယခုလို ၁၃၈၄ ခုနှစ် ကျက်သရေမင်္ဂလာရှိတဲ့ နှစ်သစ်ဦးအချိန်ကာလသမယမှာ ကျွန်တော်တို့ ဖြတ်သန်းလာခဲ့ရတဲ့ နှစ်ဟောင်းတွေက အားနည်းချက်တွေကို ပြုပြင်၊ အားသာချက်တွေကို ဆင်ခြင်သုံးသပ်မြှင့်တင်ပြီး နိုင်ငံတော်နဲ့နိုင်ငံသားတို့အတွက်ပေးဆပ်သယ်ပိုးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး ကျန်းမာရွှင်လန်း စွာဖြင့် ဒီနှစ်သစ်မှာ ကျွန်တော်တို့နဲ့အတူ ပြည်ထောင်စုအကျိုးကို လက်တွဲဆောင်ရွက် နိုင်ကြပါစေလို့ ဆုတောင်းလိုက်ရပါတယ်။

အားလုံး ကျန်းမာရွှင်လန်းကြပါစေခင်ဗျာ။

  • ၂၀၂၂ ခုနှစ်သည် စိန်ရတုလွတ်လပ်ရေးနေ့၏ အကြိုနှစ်ဖြစ်သောကြောင့် လွတ်လပ်ရေး၏ အသီးအပွင့်များ၊ ဒီမိုကရေစီအုပ်ချုပ်ရေး၏ အနှစ်သာရများ အပြည့်အဝခံစားရစေရန် မိမိတို့အားလုံး အစွမ်းကုန်ကြိုးစားကြရမည်ဖြစ်။
  • တိုင်းပြည်၏အားသည် ပြည်တွင်း၌ပင်ရှိ၍ ပြည်သူလူထု၏ စွမ်းအားဖြင့် အကောင်းဆုံးဖြစ်အောင် မိမိတို့ကြိုးစားသွားမည်ဖြစ်ပြီး အောင်မြင်မည်ဟုလည်း အပြည့်အဝယုံကြည်။
  • အမျိုးသားရေး ရည်မှန်းချက် ၂ ခုဖြစ်သည့် နိုင်ငံတော်ကြီး သာယာဝပြောရေးအနေဖြင့် ပြည်ထောင်စုကြီးတစ်ခုလုံး အေးချမ်းသာယာစွာဖြင့် လူတိုင်းလူတိုင်း ကိုယ်စိတ်ချမ်းသာစွာ လုပ်ကိုင်စားသောက်နိုင်ပြီး နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်ရမည်၊ တိုင်းပြည် စားရေရိက္ခာ ပေါများရေးအနေဖြင့် မြေပေါ်မြေအောက် သဘာဝအရင်းအမြစ်များ အသုံးချပြီး တိုင်းသူပြည်သားအားလုံးအတွက် စားရေရိက္ခာ မပူမပင်မကြောင့်မကြ ပြည့်စုံနေအောင် ဆောင်ရွက်ရေးတို့ဖြစ်။

Add new comment