အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ၁၂-၄-၂၀၂၂ ရက်က ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာအစီရင်ခံစာသည် အခြေအမြစ်မရှိသော အရင်းအမြစ်များနှင့် တစ်ဖက် သတ်စွပ်စွဲချက်များဖြင့် ဖတ်ရှုသူများကို နားလည်မှုလွဲစေရန်နှင့် အစိုးရကို နိုင်ငံရေးအရ အသရေဖျက်ရန် ရေးသားထားသည့် ဝါဒဖြန့်ချိရေးလက်နက်တစ်ခုအပြင် အကြမ်းဖက် ဝါဒကို အားပေးရာရောက်ပြီး လိုရာဆွဲသော အချက်အလက်များကြောင့် ယင်းဘက် လိုက်မှုရှိသော အစီရင်ခံစာကို မြန်မာနိုင်ငံက ပြတ်သားစွာပယ်ချကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ဧပြီလ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။
ထုတ်ပြန်ချက်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံအပါအဝင် နိုင်ငံနှင့်ဒေသပေါင်း ၁၉၀ ကျော်ကို လွှမ်းခြုံသည့် ၂၀၂၁ ခုနှစ် နိုင်ငံအလိုက် လူ့အခွင့်အရေး အလေ့အထများဆိုင်ရာ အစီရင်ခံစာများကို ၁၂-၄-၂၀၂၂ ရက်က ထုတ်ပြန်ခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရှိရသည်။ ထိုသို့ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံနှင့်အခြားနိုင်ငံများအပေါ် တစ်ဖက်သတ်အစီရင်ခံစာများ ထုတ်ပြန်ခဲ့ခြင်းမှာ လူ့အခွင့်အရေးဟူသော ခေါင်းစဉ်အောက်မှ သက်ဆိုင်ရာနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန်အတွက် နိုင်ငံရေးအရ ဆောင်ရွက်ခြင်းမှအပ အခြားသော အကြောင်းတရားမရှိပါ။
စင်စစ်အားဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖော်ပြပါအစီရင်ခံစာတွင် အစိုးရဆန့်ကျင်ဘက်အုပ်စုများနှင့် မီဒီယာများထံမှရရှိသော စွပ်စွဲချက်များနှင့် ပုံဖျက်ထားသော သတင်းများပါဝင်ကြောင်း တွေ့ရှိရသည်။ အစီရင်ခံစာတွင် အမေရိကန်ပြည်ထောင်စု၏ အကူအညီအထောက် အပံ့ကို လက်ခံရယူထားသော အဆိုပါ သတင်းအရင်းအမြစ်များကို အကြိမ်ကြိမ်ကိုးကားထားသည်ကို တွေ့ရှိရသည်မှာ အံ့ဩဖွယ်မရှိပါ။ အစီရင်ခံစာတွင် မဲဆန္ဒရှင်စုစုပေါင်း၏ ၂၉ ဒသမ ၅၄ ရာခိုင်နှုန်းနှင့်ညီမျှသည့် မဲမသမာမှု ၁၁ ဒသမ ၃ သန်း ဖြစ်ပေါပြီးနောက် ၁-၂-၂၀၂၁ ရက်တွင် အရေးပေါ်အခြေအနေကြေညာခဲ့ရသည့် အဓိကအကြောင်းရင်းကို ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ခဲ့သည်။ မဲမသမာမှုများကို ယခင် NLD အစိုးရက နည်းလမ်းတကျဖြေရှင်းရန် လျစ်လျူရှုမှုနှင့် ထိပ်တိုက်ရင်ဆိုင်ရေးတို့ကို ရွေးချယ်ခဲ့မှုတို့ကြောင့် လက်ရှိတွင် CRPH၊ NUG နှင့် PDF အကြမ်းဖက်အဖွဲ့အ စည်းများက ကျူးလွန်သောအကြမ်းဖက်မှုများနှင့် သတ်ဖြတ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ အစီရင်ခံစာတွင် ခေါင်းစဉ်များစွာကို သိမ်းကျုံးစွပ်စွဲချက်များဖြင့် ဖော်ပြထားသော်လည်း အများပြည်သူ ဘေးကင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးတို့အတွက် အစိုးရ၏ ကြိုးပမ်းမှုများ ကို ထင်ဟပ်ဖော်ပြရန် ပျက်ကွက်ခဲ့သည်။ သို့ဖြစ်ရာ အမေရိကန်ပြည်ထောင်စုအနေဖြင့် ယင်းကဲ့သို့ အစီရင်ခံစာများ ရေးသားရာတွင် သမာသမတ်ကျပြီး မျှတစွာဆောင်ရွက်ရန်လိုသည်။
မြန်မာနိုင်ငံဆိုင်ရာအစီရင်ခံစာသည် အခြေအမြစ်မရှိသော အရင်းအမြစ်များနှင့် တစ်ဖက်သတ်စွပ်စွဲချက်များဖြင့် ဖတ်ရှုသူများကို နားလည်မှုလွဲစေရန်နှင့် အစိုးရကို နိုင်ငံရေးအရ အသရေဖျက်ရန် ရေးသားထားသည့် ဝါဒဖြန့်ချိရေးလက်နက်တစ်ခုအပြင် အကြမ်းဖက်ဝါဒကို အားပေးရာ ရောက်သည်။ အစီရင်ခံစာကို အငြိုးအတေးဖြင့် ထုတ်ပြန်သည်မှာ ထင်ရှားပြီး လိုရာဆွဲသော အချက်အလက်များကြောင့် ယင်းဘက်လိုက်မှုရှိသော အစီရင်ခံစာကို မြန်မာနိုင်ငံက ပြတ်သားစွာပယ်ချလိုက်သည်။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာနက ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးသို့ ကန့်ကွက်စာကို လည်း ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၃ ရက်တွင် ပေးပို့ခဲ့ပြီးဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၃ ရက်
Add new comment