၂၀၂၂ ခုနှစ်၊ ဧပြီလ ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းရှိ “ကမ္ဘောဇ” ဘဏ်ခွဲအား အမျိုးသား ၉ ဦးက သေနတ်ပြခြိမ်းခြောက်၍ ငွေကျပ်သိန်း ၂,၁၇၀ ခန့်ကို ဓားပြတိုက်လုယက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သဖြင့် တောင်ဥက္ကလာပမြို့မရဲစခန်း၌ ရာဇသတ်ကြီး ပုဒ်မဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ ဓားပြတိုက်မှုကျူးလွန်ခဲ့သူများသည် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် YGN 7D- 3400 TOYOTA PROBOX မော်တော်ယာဉ်အား YGN CC-8336 နံပါတ်ဖြင့် ပြောင်းလဲတပ်ဆင်ကာအသုံးပြုခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် 7D-3400 မော်တော်ယာဉ်အား ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ရာ ဧပြီလ ၈ ရက်တွင် ၎င်းယာဉ်နှင့်အတူ စမ်းချောင်းမြို့နယ်၊ ဘူတာရပ်ကွက်၊ ဟုမ်းလမ်း(၄)လမ်း၊ အမှတ်(၁၄၇)နေ အာကာကျော်(ခ) အာကာ (၄၁)နှစ်အား ဘူတာရပ်ကွက်၊ ဟုမ်းလမ်းပေါ်ရှိ Orange စတိုးဆိုင်၌ ဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်နှင့် စိစစ်ဖော်ထုတ်ချက်များအရ-
· လှည်းကူးမြို့နယ်၌ တရားခံ ၁ ဦးအား ဖမ်းဆီးရမိခဲ့။
· စမ်းချောင်းမြို့နယ်၌ တရားခံ ၃ ဦးအား သက်သေခံငွေ ၁၁၈,၀၀၀ ကျပ်၊ CALDINA မော်တော်ယာဉ် ၁ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့။
· အလုံမြို့နယ်၌ တရားခံ ၄ ဦးအား ဓားပြတိုက်ရာမှ ရရှိခဲ့သည့်ငွေ ၁၀,၁၂၅,ဝဝဝ ကျပ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ ပြား၊ 0.380 AUTO ကျည်တစ်တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့။
· မင်္ဂလာဒုံမြို့နယ်၌ တရားခံ ၂ ဦးအား ငွေကျပ် ၁၂၉,၉၄၀,၀၀၀ ကျပ်၊ ပစ္စတိုသေနတ်တစ်လက်၊ ကော်သေနတ်တစ်လက်၊ ကျဉ်စက် ၂ ချောင်းတို့နှင့် အတူ ဖမ်းဆီးရမိခဲ့။
· သုံးခွမြို့နယ်၌ တရားခံ ၇ ဦးအား လက်လုပ်သေနတ် တစ်လက်၊ ၁၂ ဗို့ကျည် ၅ တောင့်၊ ရောင်စုံမီးခိုးဗုံးတစ်လုံး၊ Drone ၂ ခု၊ လက်ကိုင်ဖုန်းမျိုးစုံ ၇ လုံး၊ ဓားပြတိုက်ရာမှရရှိခဲ့သည့် သက်သေခံငွေစက္ကူရောရာ ၁၂၅ သိန်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့။
ဖြစ်စဉ်တွင် ဓားပြတိုက်မှုကျူးလွန်ရာတွင်ပါဝင်သူ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း (၁၈)ဦးတို့ကို သက်သေခံငွေကျပ် ၁၅၅,၁၈၃,ဝဝဝ၊ လက်ပစ်ဗုံး ၄ လုံး၊ မီးခိုးဗုံး တစ်လုံး၊ ပစ္စတိုသေနတ်တစ်လက်၊ လက်လုပ်သေနတ် ၂ လက်၊ ကော်သေနတ်တစ်လက်၊ ကျဉ်စက် ၂ ချောင်း၊ ပွိုင့် 22 ကျည် ၄၉ တောင့်၊ ၁၂ ဗို့လ်ကျည် ၅ တောင့်၊ Drone ယာဉ်အစိတ်အပိုင်း ၂ ခု၊ .380 AUTO ကျည်တစ်တောင့်၊ လက်ပစ်ဗုံးဖြူ့စ် ၃ ခု၊ ယမ်းမှုန့် ၁၀ ကျပ်သားခန့်၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ ပြားတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။
ဖြစ်စဉ်တွင် ဖမ်းဆီးရန်ကျန် တရားခံများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးနှင့် ဖမ်းဆီးရမိတရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
· တောင်ဥက္ကလာပမြို့နယ်ရှိ “ကမ္ဘောဇ” ဘဏ်ခွဲမှ ငွေကျပ်သိန်း ၂,၁၇၀ ခန့်ကို ဓားပြတိုက်မှုကျူးလွန်ခဲ့သူ ၁၈ ဦးအား သက်သေခံငွေ၊ လက်နက်ခဲယမ်း၊ စိတ်ကြွမူးယစ်ဆေးဝါးများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့။
Add new comment