သင်္ကြန်ကာလနှစ်သစ်ကူးရုံးပိတ်ရက်များတွင် နိုင်ငံတစ်ဝန်းရှိ ရှေးဟောင်းဘုရားစေတီ၊ ပုထိုးများ၌ ဘုရားဖူးလာရောက်သူများဖြင့်စည်ကားလျက်ရှိသလို အပန်းဖြေကမ်းခြေစခန်းများ၌လည်း ပျော်ရွှင်စွာရေကစားကြသူများ၊ လာရောက်အပန်းဖြေ အနားယူသူများဖြင့်စည်ကားလျက်ရှိပါသည်။
သင်္ကြန်ကာလရုံးပိတ်ရက်တွင် ရခိုင်ပြည်နယ်အတွင်းရှိ အထင်ကရရှေးဟောင်း သမိုင်းဝင်ဘုရား၊ စေတီပုထိုးများရှိရာနေရာများတွင် ဧပြီလ ၁၀ ရက်မှစ၍ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ကျောက်တော်၊ စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့စသောမြို့နယ်များမှ ဘုရားဖူးလာရောက်သော ဒေသခံပြည်သူများဖြင့် စည်ကားလျက်ရှိပါသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားများတွင်လည်း သင်္ကြန်အကြိုကာလအတွင်း နေ့စဉ်ဘုရားဖူးလာရောက်သူ ၂၀,၀၀၀ ကျော်ခန့်ရှိကြောင်းသိရှိရပြီး ရွှေစည်းခုံဘုရားကြီးသို့ ဘုရားဖူးလာရောက်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရန် သာမန်ရက်များတွင် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ ဖွင့်လှစ်ထားပြီး အခါကြီးရက်ကြီးများတွင် နံနက် ၅ နာရီမှ ည ၈ နာရီအထိ ဖွင့်လှစ်ထားပါသည်။ ပုဂံဒေသရှိ ရှေးဟောင်းသမိုင်းဝင်ဘုရားများနှင့်တန်ခိုးကြီးဘုရား၊ စေတီများတွင်လည်း ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိပါသည်။
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်းရှိ သမိုင်းဝင်တန်ခိုးကြီး မန်းရွှေစက်တော်ဘုရားကြီး၌ သင်္ကြန် နှစ်သစ်ကူးရုံးပိတ်ရက်များတွင် တည်းခိုဆောင်များ ပြည့်လျှံသည်အထိ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိပါသည်။
နိုင်ငံတစ်တစ်ဝန်းရှိ တန်ခိုးကြီးဘုရားများနှင့် သမိုင်းဝင်ဘုရားစေတီ၊ ပုထိုးများ ရှေးဟောင်းသမိုင်းဝင်နေရာများသို့ လာရောက်ကြသော အနယ်နယ်အရပ်ရပ်မှ ဒေသခံပြည်သူများအနေဖြင့် အလှဓါတ်ပုံရိုက်ကူးခြင်း၊ ကုသိုလ်ကောင်းမှုများပြုလုပ်ခြင်းနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ဝယ်ယူခြင်းဖြင့် သင်္ကြန်ကာလာရုံးပိတ်ရက်ကို စိတ်လက်အေးချမ်းစွာဖြင့် ပျော်ရွင်စွာဖြတ်သန်းလျက်ရှိကြောင်း သိရှိရပါသည်။
ပြင်ဦးလွင်၊ တောင်ကြီး၊ အင်းလေး၊ ကလောစသည့်တောင်ပေါ်ဒေသများသို့လည်း သွားရောက်လည်ပတ်သူများ၊ ဖောင်တော်ဦးဘုရားဖူးကြသူများ၊ အပန်းဖြေအနားယူကြသူများဖြင့် စည်ကားလျက်ရှိပါသည်။
နိုင်ငံတစ်ဝန်းရှိ ပင်လယ်ကမ်းခြေများဖြစ်သည့် ငွေဆောင်၊ ချောင်းသာ၊ ငပလီ၊ မောင်းမကန်၊ စက်စဲကမ်းခြေတို့၌ သင်္ကြန်ကာလရုံးပိတ်ရက်အတွင်း အပန်းဖြေအနားယူသူများ၊ ရေကစားသူများဖြင့် စည်ကားများပြားလျက်ရှိပြီး ဟိုတယ်များ၊ တည်းခိုရာနေများတွင်လည်း လာရောက်တည်းခိုကြ သူများဖြင့် ပြည့်လျှံနေသဖြင့် ကမ်းခြေအနီးရှိကျေးရွာများတွင်လည်း လာရောက်တည်းခို၍ အပန်းဖြေအနားယူကြသူများဖြင့် နှစ်သစ်ကူးရုံးပိတ်ရက်ကာလကို ပျော်ရွှင်အေးချမ်းစွာဖြတ်သန်းလျက်ရှိပါသည်။
သင်္ကြန်ကာလရုံးပိတ်ရက်များတွင် မြန်မာပြည်အရပ်ရပ်မှ ခရီးသွားများသည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်ရင်း မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ ပလင်းကမ်းသာယာဆင်စခန်းသို့ လာရောက်လေ့လာကြပြီး အဆိုပါဆင်စခန်း၌ဆင်စီး၍ မြစ်ကမ်းဘေး အလှများကို ကြည့်ရှုကြသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်းသိရှိရပါသည်။
ထိုကဲ့သို့ ပြည်သူများ အေးချမ်းလုံခြုံစွာဖြင့် သင်္ကြန်ရုံးပိတ်ရက်ကာလတွင် အပန်းဖြေခရီးထွက်ခြင်း၊ ဘုရားဖူးထွက်ခြင်းများကို မရှုစိတ်မနာလိုသောအဖျက်သမားများက လူမှုကွန်ရက်ပေါ်တွင် အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်မည်ဟု လှုံ့ဆော်ဆောင်ရွက်ခြင်းများပြုလုပ်နေသည့်အတွက် တည်ငြိမ်အေးချမ်းမှုကိုလိုလားသော မိဘပြည်သူများလုံခြုံစိတ်ချစွာ သွားလာနေထိုင်နိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့ဝင်/ထွက် စစ်ဆေးရေးဂိတ်များ၊ ကျေးရွာအတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
- နိုင်ငံတစ်တစ်ဝန်းရှိ တန်ခိုးကြီးဘုရားများနှင့် သမိုင်းဝင်ဘုရားစေတီ၊ ပုထိုးများ ရှေးဟောင်းသမိုင်းဝင်နေရာများသို့ လာရောက်ကြသော အနယ်နယ်အရပ်ရပ်မှ ဒေသခံပြည်သူများအနေဖြင့် အလှဓါတ်ပုံရိုက်ကူးခြင်း၊ ကုသိုလ်ကောင်းမှုများပြုလုပ်ခြင်းနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများဝယ်ယူခြင်းဖြင့် သင်္ကြန်ကာလာရုံးပိတ်ရက်ကို စိတ်လက်အေးချမ်းစွာဖြင့် ပျော်ရွင်စွာ ဖြတ်သန်းလျက်ရှိ။
- သင်္ကြန်ကာလ နှစ်သစ်ကူးရုံးပိတ်ရက်များတွင် နိုင်ငံတစ်ဝန်းရှိ အပန်းဖြေကမ်းခြေများနှင့် လင်းကမ်းသာယာဆင် စခန်းတို့၌ လာရောက်အပန်းဖြေအနားယူသူများ၊ ပျော်ရွှင်စွာရေကစားကြသူများဖြင့် စည်ကားလျက်ရှိ။
- သင်္ကြန်ရုံးပိတ်ရက်ကာလတွင် အပန်းဖြေခရီးထွက်ခြင်း၊ ဘုရားဖူးထွက်ခြင်းများကို မရှုစိတ်မနာလိုသော အဖျက် သမားများက လူမှုကွန်ရက်ပေါ်တွင် အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်မည်ဟု လှုံ့ဆော်ဆောင်ရွက်ခြင်းများပြုလုပ်နေသည့်အတွက် တည်ငြိမ်အေးချမ်းမှုကို လိုလားသော မိဘပြည်သူများလုံခြုံစိတ်ချစွာသွားလာနေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့ဝင်/ထွက် စစ်ဆေးရေးဂိတ်များ၊ ကျေးရွာအတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိ။
Add new comment