Virtual အစီအစဉ်ဖြင့်ကျင်းပသည့် (၂၆) ကြိမ်မြောက် အာဆီယံ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဆက်စပ်အစည်းအဝေးများကျင်းပ

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ဧပြီလ ၈ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် Virtual စနစ်ဖြင့် ကျင်းပသည့် (၂၆) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေး၊ (၈) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့်ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်ခဲ့ပါသည်။ ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပါဝင်ဆွေးနွေးပြောကြားခဲ့ရာတွင် -

  • ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှုကို တုံ့ပြန်ဆောင်ရွက်ရာတွင် တစ်နိုင်ငံချင်းအလိုက်သော်လည်းကောင်း၊ အာဆီယံဒေသအလိုက်သော်လည်းကောင်း တုံ့ပြန်ဆောင်ရွက်ကြသကဲ့သို့ မိတ်ဖက်အဖွဲ့ အစည်းများဖြစ်ကြသည့် နိုင်ငံတကာငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍လည်း တုံ့ပြန်ဆောင်ရွက်လျက်ရှိပါကြောင်း။
  • ASEAN Framework Agreement on Service နှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးဝန်ဆောင်မှုများ ဖြေလျှော့ပေးရေးဆိုင်ရာ နဝမအကျော့ ကတိကဝတ်များ အတည်ပြုသတ်မှတ်နိုင်ရေးလုပ်ငန်းစဉ်တွင် မြန်မာနိုင်ငံ မှလည်း ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း။
  • ယခုနှစ်တွင် နိုင်ငံစီးပွားရေး ပြန်လည်ဦးမော့လာစေရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုနှုန်းကျဆင်းလာမှု၊ ကာကွယ်ဆေးထိုးနှံမှုနှုန်း မြင့်တက်လာမှု၊ ယခင်ကထက် ပိုမိုတည်ငြိမ်လာမှု၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာမှုတို့ကြောင့် ယခုဘဏ္ဍာရေးနှစ်တွင် သင့်တင့်သော စီးပွားရေး တိုးတက်မှုနှုန်းရရှိလာမည်ဟု မျှော်လင့်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

အဆိုပါအစည်းအဝေးနှင့်အတူ ဆက်စပ်အစည်းအဝေးများအဖြစ် အာဆီယံဘဏ္ဍာရေးနှင့်ဗဟိုဘဏ်အကြီးအကဲများနှင့် နိုင်ငံတကာငွေရေးကြေးရေးအဖွဲ့အစည်းများဖြစ်ကြသည့် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ အာရှအခြေခံအဆောက်အအုံနှင့်ရင်းနှီးမြှုပ်နှံမှုဘဏ်၊ အာဆီယံ+၃ မက်ခရိုစီးပွားရေး သုတေသနရုံးတို့နှင့်အစည်းအဝေး၊ ASEAN Business Advisory Councilနှင့် US-ASEAN Business Council, EU-ASEAN Business Council တို့နှင့် အစည်းအဝေးများကိုလည်းကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့အာဆီယံနိုင်ငံများမှ ဘဏ္ဍာရေးဝန်ကြီးများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် အာဆီယံအတွင်းရေးမှူးချုပ်၊ နိုင်ငံတကာငွေရေးကြေးရေးအဖွဲ့အစည်းများမှ ဥက္ကဋ္ဌများနှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

  • ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် Virtual စနစ်ဖြင့် ကျင်းပသည့် (၂၆) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေး၊ (၈) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်။
  • ASEAN Framework Agreement on Service နှင့် စပ်လျဉ်း၍ ဘဏ္ဍာရေး ဝန်ဆောင်မှုများ ဖြေလျှော့ပေးရေးဆိုင်ရာ နဝမအကျော့ ကတိကဝတ်များ အတည်ပြုသတ်မှတ်နိုင်ရေးလုပ်ငန်းစဉ်တွင် မြန်မာနိုင်ငံမှလည်း ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းဆွေးနွေးပြောကြားခဲ့။

Add new comment