နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သိန်းနီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းတော် (ဟော်ခမ်းသျှမ်းဝီ) ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ရှိသူများနှင့်အတူ ဧပြီလ ၉ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)သိန်းနီမြို့ရှိ သိန်းနီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း ၏ ကြီးကျယ်ခမ်းနား ထည်ဝါသည့်ဟော်နန်းတော်(ဟော်ခမ်းသျှမ်းဝီ) ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဟော်နန်းပုံစံငယ်များကိုကြည့်ရှုရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ ပြီးစီးမှုအခြေအနေနှင့် ဆက်လက် ဆောင်ရွက်သွားမည့်အခြေအနေ များကိုရှင်းလင်းတင်ပြကြပြီး ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-

  • ဟော်နန်းပြန်လည်တည်ဆောက်ရာတွင် သမိုင်းအထောက်အထားများကို လေ့လာ၍ အနီးစပ်ဆုံးတူညီအောင် ကြိုးစားတည်ဆောက်ကြစေလိုကြောင်း၊ သမိုင်းဝင်အဆောက်အဦများ၊ ဘာသာရေး အဆောက် အဦများကို မူလပုံစံမပျက် ပြန်လည် ပြုပြင်မွမ်းမံထိန်းသိမ်းခြင်းဖြင့် မိမိတို့နိုင်ငံ၊ မိမိတို့ဒေသ၏ သမိုင်းအစဉ်အလာကြီးမားမှုကို ဖော်ပြနိုင်မည်ဖြစ်ကြောင်းနှင့် ဒေသခံများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း။
  • ဟော်နန်းပြန်လည်တည်ဆောက်ရေးနှင့်ပတ်သက်၍ နိုင်ငံတကာတွင်လည်း ၎င်းတို့ နိုင်ငံ၏ သမိုင်းဝင်အဆောက်အဦများ၊ အမွေအနှစ်များကို ပြန်လည်ဖော်ထုတ် တည်ဆောက်ခြင်း၊ မွမ်းမံခြင်းများပြုလုပ်၍ နောင်လာနောက်သားများ လေ့လာနိုင်ရန်၊ သမိုင်းကိုသိရှိစေရန်ပြတိုက်များ၊ လေ့လာရန်အထိမ်းအမှတ်နေရာများအဖြစ် ပြုလုပ်ထားရှိကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးမှာကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဟော်နန်းတည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီးနောက် ဟော်နန်းပရိဝုဏ်အတွင်းရှိ ယဉ်ကျေးမှုပြခန်းအတွင်း၌ သိန်းနီမြို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများအားတွေ့ဆုံ၍-

  • သိန်းနီမြို့သည် စီးပွားရေးအရ အချက်အချာကျသည့် မြို့တစ်မြို့ဖြစ်ပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ဆောင်ပေးနိုင်ရေးစဉ်းစားခဲ့ရာတွင် ဦးစွာယဉ်ကျေးမှု အစဉ်အလာများကို ဖော်ထုတ်လျက် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်နိုင်မည်ဟု လေ့လာတွေ့ရှိခဲ့သဖြင့် သိန်းနီဟော်နန်းကြီးကို ပြန်လည်တည်ဆောက်ပေးနိုင်ရေး စဉ်းစားဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
  • ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လူပုဂ္ဂိုလ်တစ်ဦးချင်းတိုးတက်မှသာလျှင် ရပ်ကွက်၊ ကျေးရွာ၊ မြို့၊ မြို့နယ်မှစ၍ ဒေသတစ်ခုလုံးလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံများက အဓိကကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း။
  • အစိုးရအနေဖြင့် နိုင်ငံသားတိုင်း ပညာသင်ကြားနိုင်ရေးအတွက် ဆောင်ရွက်ပေးထားပြီးဖြစ်သော်လည်း ကျောင်းတက်၍ စာပေပညာသင်ကြားကြမှသာလျှင် စာပေတတ်မြောက်ကြမည်ဖြစ်ကြောင်း၊ ပညာ တတ်မှသာလျှင် ဒေသ၏ဖွံ့ဖြိုးတိုး တက်မှုကို အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း။
  • ပညာရေး နောက်ကျကျန်ရစ်ခဲ့ခြင်းမရှိစေရန်နှင့် ကျောင်းသား၊ ကျောင်းသူတို့၏ တစ်နှစ်တာအချိန် မနစ်နာစေရေးအတွက် ကိုဗစ်-၁၉ ဖြစ်ပေါ်နေသည့်ကြားကပင် စာသင်ကျောင်းများကို ဖွင့်လှစ်ဆောင်ရွက် ပေးခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် အခြေခံပညာ ပညာရေး၏စာသင်နှစ်ပြီးဆုံးပြီဖြစ်ပြီး နောင်လာမည့်နှစ် စာသင်နှစ်၌ ပညာရေးအရှိန်အဟုန်မြှင့်တင်ရန် ကြိုတင်ပြင်ဆင်ထားကြစေလိုကြောင်း။
  • ဒေသတွင်း တန်ဖိုးမြင့်ထုတ်ကုန်၊ ထွက်ကုန်များ ထွက်ရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြစေလိုပြီး လိုအပ်သည့် စိုက်ပျိုးမွေးမြူရေးအသိပညာနှင့် အရင်းအနှီးများကို အစိုးရမှ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားကာ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ အဆင့်မြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် သိန်းနီဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နိုင်မည့်အခြေအနေများကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိန်းနီမြို့ ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ မြို့မိမြို့ဖ ဦးစိုင်းမျိုးညွန့်က လက်ခံရယူခဲ့ပါသည်။

အဆိုပါ သိန်းနီဟော်နန်းကို အေဒီ ၁၉၁၀ ပြည့်နှစ် သက္ကရာဇ် ၁၂၇၂ ခုနှစ်တွင် ဒသဓမ္မရာဇာနိဂြောဓာ မဟာမင်းခေါင်ဘွဲ့တော်ရ သိန်းနီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်းက ကြီးကျယ်ခမ်းနားထည်ဝါသည့် ဟော်နန်း အသစ်ကြီးအဖြစ်တည်ဆောက်ခဲ့။ အေဒီ ၁၉၄၄ ခုနှစ်တွင် အမေရိကန်စစ်လေယာဉ်များသည် သိန်းနီမြို့ကို ဗုံးများကြဲချတိုက်ခိုက်ခြင်းကြောင့် သိန်းနီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းကြီးသည်လည်း မြေခပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်အရ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်တွင် ဟော်နန်းပြန်လည်တည်ဆောက်ရေးလုပ်ငန်းကို စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဟော်နန်းအဆောက်အဦသစ်ကို မူလအဆောက်အဦဟောင်းမြေနေရာ၏ လက်ဝဲဘက် ၆၃ ပေ အကွာ၌ ဆောက်လုပ်လျက်ရှိပြီး ၇၀ ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်ကြောင်းနှင့် ပြီးစီးပါက ဟော်နန်းပြတိုက်အဖြစ်ထားရှိ၍ ဒေသအတွင်း သမိုင်းဝင်လေ့လာစရာနေရာနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိ ရသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှ၊ မိသားစုဝင်များနှင့်  အဖွဲ့ဝင်များသည် လားရှိုးမြို့၊ သီရီမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ အဂ္ဂမဟာကမ္မဌာနာစရိယ ဒေါက်တာဘဒ္ဒန္တပုညနန္ဒအား ဖူးမြော်ကြည်ညိုကြပြီးနောက် မန်ဆူရှမ်းကျောင်းတိုက်ရှိ စာသင်သားသံဃာတော်အပါး ၁၀၀ နှင့် မန်ဆူရှမ်းကျောင်းတိုက် ဆရာတော်ကြီးအမှူးပြုသည့် သံဃာတော်များအား ဆွမ်းလောင်းလှူကာ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

  • ဟော်နန်းပြန်လည်တည်ဆောက်ရာတွင် သမိုင်းအထောက်အထားများကို လေ့လာ၍ အနီးစပ်ဆုံးတူညီအောင် ကြိုးစားတည်ဆောက်ကြစေလို။
  • ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လူပုဂ္ဂိုလ်တစ်ဦးချင်းတိုးတက်မှသာလျှင် ရပ်ကွက်၊ ကျေးရွာ၊ မြို့၊ မြို့နယ်မှစ၍ ဒေသတစ်ခုလုံးလည်း တိုးတက်လာမည်ဖြစ်၊ မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံများက အဓိကကြိုးစားဆောင်ရွက်ရမည်ဖြစ်။
  • အစိုးရအနေဖြင့် နိုင်ငံသားတိုင်း ပညာသင်ကြားနိုင်ရေးအတွက် ဆောင်ရွက်ပေးထားပြီးဖြစ်သော်လည်း ကျောင်းတက်၍ စာပေပညာသင်ကြားကြမှသာလျှင် စာပေတတ်မြောက်ကြမည်ဖြစ်၊ ပညာ တတ်မှသာလျှင် ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေနိုင်မည်ဖြစ်။
  • အေဒီ ၁၉၄၄ ခုနှစ်တွင် အမေရိကန်စစ်လေယာဉ်များသည် သိန်းနီမြို့ကို ဗုံးများ ကြဲချတိုက်ခိုက်ခြင်းကြောင့် သိန်းနီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းကြီးသည်လည်း မြေခပျက်စီးဆုံးရှုံးခဲ့ရ
  • တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန်ချက်အရ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်တွင် ဟော်နန်းပြန်လည်တည်ဆောက်ရေးလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်။

Add new comment