မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး H.E. Mr. Vinay Kumar သည် ဧပြီလ ၇ ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်-
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများ၊ အခြားကဏ္ဍများနှင့် ဒေသတွင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။
- စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ဘဏ္ဍာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ အိန္ဒိယချေးငွေများဖြင့် ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများ၏ တိုးတက်မှုများ၊ နှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီး/ကျပ်ငွေကြေးများဖြင့် ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့။
- ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် တွေ့ဆုံရာတွင် အခြေခံပညာ၊ အဆင့်မြင့်ပညာနှင့် ဆရာအတတ်ပညာကဏ္ဍများရှိ ဆရာ/ဆရာမများ၏ အရည်အသွေးမြှင့်တင်ရေး ကိစ္စရပ်များ၊ သုတေသနပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဆရာ/ဆရာမ၊ ကျောင်းသား/သူ ပညာတော်သင်များ တိုးမြှင့်ခေါ်ယူနိုင်ရေးကိစ္စရပ်များ၊ သင်ရိုးညွှန်းတမ်းရေးဆွဲရေးဆိုင်ရာသင်တန်းများ၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာသင်တန်းများ၊ စီးပွားရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ သင်တန်းများ၊ အင်္ဂလိပ်စာသင်တန်းများနှင့် ပညာရေးနှင့်နည်းပညာစသည့်ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
- ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးနှင့် တွေ့ဆုံရာတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိဖြစ်ပေါ်တိုးတက်မှုများ၊ အခက် အခဲများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ အိန္ဒိယနိုင်ငံအကူအညီဖြင့်ဆောင်ရွက်သော ယာကြီး-ကလေးဝ လမ်းအပိုင်းအား နှစ်လမ်းသွားလမ်းအဆင့်မြှင့်တင်ခြင်း၊ ပလက်ဝ-ဇိုရမ်ပူ လမ်း အဆင့်မြှင့်တင်ခြင်း၊ ကလေးဝ-ကျီကုန်း-တမူးလမ်းပေါ်ရှိ တံတား ၆၉ စင်း ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်များ၊ တမူးနယ်စပ်၌ အဆင့်မီဘက်ပေါင်းစုံ စစ်ဆေးရေးဂိတ် တည်ဆောက်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ တွေ့ဆုံပွဲများသို့ မြန်မာနိုင်ငံမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
- မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး H.E. Mr. Vinay Kumar သည် ဧပြီလ ၇ ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများနှင့် သီးခြားစီတွေ့ဆုံ၍ဆွေးနွေးမှုများ ပြုလုပ်ခဲ့။
Add new comment