ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နောင်ဝိုး၊ ကျိုင်းခမ်း၊ မိုင်းပျဉ်းနှင့် တောင်ကြီးတပ်နယ်များသို့သွားရောက်၍ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မှ တပ်မတော် အရာရှိကြီးများ လိုက်ပါ၍ ဧပြီလ ၇ ရက်တွင် နောင်ဝိုး၊ ကျိုင်းခမ်း၊ မိုင်းပျဉ်းနှင့် တောင်ကြီးတပ်နယ်တို့ရှိ တပ်နယ်မြေခံတပ်များသို့သွားရောက်၍ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားခဲ့ရာတွင်-

  • တပ်မတော်သားများအနေဖြင့် နိုင်ငံတော်မှပေးအပ်သော လစာနှင့်ရိက္ခာကို ရရှိခံစားနေခြင်းဖြစ်၍ သစ္စာအဓိဋ္ဌာန် (၄) ချက်ပါအတိုင်း နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာအပေါ် အလေးထားစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ နေထိုင်ကြရန်လိုကြောင်း။
  • တာဝန်ရှိသူများအနေဖြင့် စစ်သည်၊ မိသားစုဝင်များ၏ စားဝတ်နေရေးမှစ၍ ကျန်းမာရေး၊ ပညာရေးအထိ အရေးအရာများကို အလေးနက်ထား ဖြည့်ဆည်းဆောင်ရွက်ပေးမှသာ တပ်မတော်သားများအနေဖြင့် မိသားစုများအတွက် နောက်ဆံတင်းမှုမရှိဘဲ လုံခြုံရေးတာဝန်၊ စစ်ဆင်ရေးတာဝန်များကို အပြည့်အဝတာဝန်ထမ်းဆောင်နိုင်ကြမည်ဖြစ်ကြောင်း။
  • ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲတွင် နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲပေးမှုများ၊ တစ်ကြိမ်ထက်ပိုသော မဲပေးမှုများစသော မဲမသမာမှုများဖြစ်ပေါ်ခဲ့ပြီး အာဏာကို အဓမ္မနည်းရယူရန် ကြိုးစားလာခဲ့ သောကြောင့် တပ်မတော်အနေဖြင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း။
  • ၂၀၂၃ ခုနှစ်၊ ရွေးကောက်ပွဲတွင် လွတ်လပ်၍ တရားမျှတပြီး မှန်ကန်သောရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုဝင်စာရင်း မှန်ကန်ရေးနှင့် နိုင်ငံသားစိစစ်ရေးကတ်ရခွင့် ရှိသူများအားလုံးကို ပြုလုပ်ပေးလျက်ရှိရာ နယ်မြေအလိုက်ပူးပေါင်းပါဝင်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန်လိုကြောင်း။
  • မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးအခြေအနေအရ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သောနိုင်ငံခြားရေးမူဝါဒကို မြဲမြံစွာစွဲကိုင်ကျင့်သုံးခြင်းဖြစ်ရာ အဆိုပါအချက်အပေါ် နိုင်ငံရေးအရဘက်စုံဖိအားပေးမှု အသွင်ဆောင်မှုများအား စိန်ခေါ်မှုတစ်ရပ်အနေဖြင့် အောင်မြင်စွာရင်ဆိုင်ဖြေရှင်း ကျော်လွှားနေရကြောင်း။
  • ပြည်ပနိုင်ငံကြီးအချို့နှင့် ပြည်တွင်းအကြမ်းဖက်အဖွဲ့များအနေဖြင့် နည်းမျိုးစုံသုံးကာ အစိုးရယန္တရားရပ်တန့်စေရန် ကြိုးပမ်းခဲ့သော်လည်း ထင်တိုင်းမပေါက်သဖြင့် နိုင်ငံတော်၏အခိုင်မာဆုံး အင်အားစု ဖြစ်သည့် တပ်မတော်ကိုဖြိုခွဲရန် အစိုးရအဆက်ဆက်ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ဆက်လက်၍လည်း သွေးခွဲမှုမျိုးစုံ ပြုလုပ်လာနိုင်သဖြင့် တပ်မတော်သားမိသားစုဝင်များအနေဖြင့် အထက်အောက် အပြန် အလှန်လေးစားယုံကြည်မှုဖြင့် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ၊ အေးအတူပူအမျှ နေထိုင်သွားကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

တွေ့ဆုံပွဲများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တပ်နယ်အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများကိုပေးအပ်ရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရှိရပါသည်။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊လေ) မှ တပ်မတော် အရာရှိကြီးများလိုက်ပါ၍ နောင်ဝိုး၊ ကျိုင်းခမ်း၊ မိုင်းပျဉ်းနှင့် တောင်ကြီးတပ်နယ်တို့ရှိ တပ်နယ်မြေခံတပ်များသို့သွားရောက်၍ အရာရှိ၊ စစ်သည်၊ မိသားစုများ အား တွေ့ဆုံအမှာစကား ပြောကြားခဲ့။

Add new comment