ပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးတို့ တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး H.E. Mr. Vinay Kumar သည် ဧပြီလ ၆ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများနှင့် သီးခြားစီတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်-

  • နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံရာတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
  • နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့်တွေ့ဆုံရာတွင် မြန်မာနိုင်ငံအတွင်းရှိ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသများရှိ တိုင်းရင်းသား ပြည်သူများ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ အိန္ဒိယနိုင်ငံ၏အကူအညီဖြင့် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေး ဆိုင်ရာ အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၏ အောင်မြင်ဖြစ်ထွန်းမှု၊ နှစ်နိုင်ငံနယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
  • အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေးကိစ္စရပ်များ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကို ပြန်လည်နေရာချထားရေးအတွက် လူ သားချင်းစာနာထောက်ထားမှု အကူအညီများ ပံ့ပိုးရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့။
  • ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံလုံး၌ ကိုဗစ်-၁၉ ရောဂါကဲ့သို့ ကူးစက်မြန်ရောဂါများ စောင့်ကြပ်ကြည့်ရှုရေး ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသည်းအစားထိုးခွဲစိတ်ခြင်းများကဲ့သို့သော အဆင့်မြင့်ဆေးပညာပိုင်းဆိုင်ရာသင်တန်းများ သင်ကြားနိုင်ရေးနှင့် ဆေးပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းများ ပိုမိုပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များ၊ ကျန်းမာရေးစနစ် ပိုမိုတိုးတက်ကောင်းမွန်စေရေး ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုဖြင့် ကမ္ဘာ့ကူးစက်ရောဂါများ ကာကွယ်တားဆီးနှိမ်နင်းရေးတွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့။
  • လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးနှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းဆိုင်ရာကိစ္စရပ်များ၊ ရေအား လျှပ်စစ်စီမံကိန်း ဆိုင်ရာကိစ္စရပ်များ၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း ဆိုင်ရာကိစ္စရပ်များ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ တွေ့ဆုံပွဲများတွင် ပြည်ထောင်စုဝန်ကြီးများက သံအမတ်ကြီးအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီး တွေ့ဆုံပွဲများသို့ မြန်မာနိုင်ငံမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

  • မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး H.E. Mr. Vinay Kumar သည် ဧပြီလ ၆ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများနှင့် သီးခြားစီတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့။

Add new comment