နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအခြေခံကျသော ပညာရေးကဏ္ဍမြင့်မားရေးနှင့် လူငယ်လူရွယ်များ၏ အနာဂတ်ဘဝ သာယာလှပစေရေးတို့အတွက် နိုင်ငံတော်အစိုးရအနေဖြင့် အစွမ်းကုန်ကြိုးပမ်းလျက်ရှိရာ မျိုးဆက်သစ်လူငယ်များ၏ အနာဂတ်ဘဝကို ဖျက်ဆီးလိုသည့်စိတ်၊ အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်ယှက်ဟန့်တားလိုသည့်စိတ်များဖြင့် PDF အကြမ်းဖက်သမားများက အခြေခံပညာကျောင်းများအား လက်လုပ်မိုင်းများဖြင့် နှောင့်ယှက်ဖောက်ခွဲဖျက်ဆီးခြင်းနှင့် ဆရာ/ ဆရာမများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများကို ပြုလုပ်လျက်ရှိပါသည်။
ဧပြီလ ၅ ရက်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ (၁၂)ရပ်ကွက်နေ မြို့နယ်ပညာရေးမှူး ဒေါ်တင်တင်ရီ(၅၈)နှစ် သည် မြို့နယ်ပညာရေးမှူးရုံးသို့ တစ်ဦးတည်း ဆိုင်ကယ်ဖြင့် သွားရောက်စဉ် (၁၂)ရပ်ကွက်၊ ဧရာဝဏ်လမ်းပေါ်ရှိ “မေမြန်မာ” စတိုးဆိုင်ရှေ့အရောက် ၎င်း၏အနောက်မှ ဆိုင်ကယ်တစ်စီးဖြင့် လိုက်ပါလာသည့် အကြမ်းဖက်သမား အမျိုးသား ၂ ဦးက သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဒေါ်တင်တင်ရီကို အခင်းဖြစ်ပွားရာလမ်းပေါ်၌ ၎င်းစီးနင်းလာသည့် Super Cub အစိမ်းရောင်ဆိုင်ကယ်ဘေး၌ ဝဲလက်မောင်းကျည် ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ဝဲရင်ဘက်ကျည်ဖောက်ဝင် ဒဏ် ရာတစ်ချက်တို့ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရပြီး ၎င်း၏အနီး မှ A USA Auto 380 စာတန်းပါကျည်ခွံ ၃ ခုတို့ကို တွေ့ရှိသိမ်းဆည်းရရှိခဲ့ပါသည်။
ဖြစ်စဉ်တွင် သေဆုံးခဲ့သည့် မြို့နယ်ပညာရေးမှူး ဒေါ် တင်တင်ရီ၏ အလောင်းအား ပခုက္ကူခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး မြို့နယ်ပညာရေးမှူးအား လုပ်ကြံသတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
- အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်ယှက်ဟန့်တားလိုသည့်စိတ်များဖြင့် PDF အကြမ်းဖက်သမားများက အခြေခံပညာကျောင်းများအား လက်လုပ်မိုင်းများဖြင့် နှောင့်ယှက်ဖောက်ခွဲဖျက်ဆီးခြင်းနှင့် ဆရာ/ ဆရာမ များအား ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခြင်းများကို ပြုလုပ်လျက်ရှိ။
- ပခုက္ကူမြို့၌ မြို့နယ်ပညာရေးမှူး ဒေါ်တင်တင်ရီအား PDF အကြမ်းဖက်သမားများက သေနတ်ဖြင့် ရက်စက်စွာပစ်ခတ်သတ်ဖြတ်ခဲ့။
Add new comment