ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် ဥရောပသမဂ္ဂက တင်သွင်းခဲ့သည့် မြန်မာနိုင်ငံကိစ္စ ဆုံးဖြတ်ချက်အဆို ချမှတ်ခဲ့ခြင်းကို မြန်မာနိုင်ငံက ပါဝင်ပတ်သက်ခြင်းမပြုဘဲ ပြင်းထန်စွာကန့်ကွက်ပယ်ချ

၁-၄-၂၀၂၂ ရက်တွင် ဂျီနီဗာမြို့၌ ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ၏ (၄၉) ကြိမ်မြောက် အစည်းအဝေးတွင် “မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေများ” ခေါင်းစဉ်ဖြင့် ဥရောပသမဂ္ဂက တင်သွင်းသည့် ဆုံးဖြတ်ချက်အဆို တွင်ပါဝင်သော မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိပါးသော ယန္တရားများနှင့် ဖော်ပြချက်များကို မြန်မာနိုင်ငံက ပြင်းထန်စွာကန့်ကွက်ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။

သတင်းထုတ်ပြန်ချက်

၁-၄-၂၀၂၂ ရက်တွင် ဂျီနီဗာမြို့၌ ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၄၉) ကြိမ်မြောက် အစည်းအဝေးတွင် ဥရောပသမဂ္ဂက တင်သွင်းခဲ့သည့် မြန်မာနိုင်ငံကိစ္စ ဆုံးဖြတ်ချက်အဆို ချမှတ်ခဲ့ခြင်းသည် လူ့အခွင့်အရေးကောင်စီ၏ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှု မရှိခြင်း၊ ဆုံးဖြတ်ချက်အဆိုတွင် ပါရှိသည့်အချက်များသည်လည်း ခိုင်လုံမှုမရှိခြင်းတို့ကြောင့် လက်ခံနိုင်ခြင်း မရှိကြောင်း တွေ့ရှိရသည်။

မြန်မာနိုင်ငံကိစ္စအပါအဝင် လူ့အခွင့်အရေးကိစ္စနှင့်ပတ်သက်သည့် အပြန်အလှန် ဆွေးနွေးပွဲများ အဆမတန်များပြားလာနေပြီး၊ ယင်းအခြေအနေများကြောင့် ကောင်စီ၏ထိရောက်မှုအပေါ် အပြင်းအထန် ဝေဖန်ဆွေးနွေးနေစဉ် (၄၉) ကြိမ်မြောက် ကောင်စီအစည်းအဝေး၌ မြန်မာနိုင်ငံနှင့်ပတ်သက်၍ နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်ရန် ရည်ရွယ်သည့် ဆွေးနွေးမှုကို နာရီပေါင်းများစွာ အချိန်ဖြုန်းခဲ့ကြောင်း တွေ့ရှိရသည်။ ယင်းကဲ့သို့ ဆောင်ရွက်ခဲ့မှုသည် လူ့အခွင့်အရေးကို လက်တွေ့ကျကျ ကာကွယ်ရန်နှင့် မြှင့်တင်ရန် လုပ်ဆောင်လိုခြင်းထက် အဆိုမူကြမ်း တင်သွင်းသူများ၏ လိုလားချက်ဖြစ်သည့် မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ ဖိအားပေးမှုများအဖြစ် ထပ်ခါတလဲလဲ လုပ်ဆောင်လာသည့်ဆောင်ရွက်ချက်သာဖြစ်သည်။ ကောင်စီ အစည်းအဝေးများတွင် မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှုကို နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိဖြင့် ချန်လှပ်ထားခြင်းကြောင့် လူ့အခွင့်အရေးကောင်စီ၏ အခြေခံမူတစ်ခုဖြစ်သည့် အပြန်အလှန်ဆွေးနွေးခြင်း အနှစ်သာရမှာလည်း ပျောက်ပျက်နေပြီ ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးပုံမှန်သုံးသပ်မှုအစီအစဉ် (UPR) နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံမှ တင်သွင်းခဲ့သည့် အစီရင်ခံစာအပေါ် သုံးသပ်မှုကို ၂၀၂၂ ခုနှစ် ဇွန်လတွင် ကျင်းပမည့် လူ့အခွင့်အရေးကောင်စီ၏ အကြိမ်(၅၀) မြောက် အစည်းအဝေးသို့ ရွှေ့ဆိုင်းခဲ့ကြောင်းတွေ့ရှိရသည်။ ယင်းသို့ ရွှေ့ဆိုင်းခဲ့ခြင်းမှာ နိုင်ငံအားလုံးကို တပြေးညီနှင့် တူညီစွာဆက်ဆံရန် ဆိုသည့်မူ၊ လူ့အခွင့်အရေးကိစ္စများကို ဆွေးနွေးရာတွင် ထိပ်တိုက်ရင်ဆိုင်ခြင်းကို ရှောင်ရှားရမည့်မူနှင့် နိုင်ငံရေးသဘော သက်ရောက်ခြင်းမရှိဘဲ သုံးသပ်ခံ နိုင်ငံကို အပြည့်အဝပါဝင်စေလိုသော UPR ၏ ရည်ရွယ်ချက်များနှင့်လည်း ဆန့်ကျင်နေသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာအပေါ် အပြန်အလှန် မြှင့်တင်ဆွေးနွေးပွဲကို ၁၈-၃-၂၀၂၂ ရက်တွင် ကျင်းပခဲ့သည်။ ယင်းအစီရင်ခံစာတွင် “Call to Action” နည်းလမ်းဖြင့် လူ့အခွင့်အရေးကိစ္စရပ်များကို ပေါင်းစည်းရန်ဟု အကြောင်းပြဖော်ပြကာ ကုလသမဂ္ဂအေဂျင်စီအမျိုးမျိုး၏ ကျွမ်းကျင်မှုများတွင် နိုင်ငံရေးသွတ်သွင်း၍ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းရှိ  ကုလသမဂ္ဂဌာနေရုံးများအပေါ် မလျော်ကန်သည့် ဖိအားသက်ရောက်စေသည်။ “Call to Action” ကို မည်သို့ရန်ပုံငွေ ပံ့ပိုးသည်ကိုလည်းကောင်း၊ လိုအပ်သောဝန်ထမ်း အင်အားခွဲဝေချထားခြင်း ရှိ-မရှိကိုလည်းကောင်း ဖော်ပြထားခြင်းမရှိသဖြင့် အမှီအခိုကင်းစွာလည်ပတ်ရေး အာမခံချက်မပါရှိကြောင်း တွေ့ရသည်။ သို့ဖြစ်ရာ သက်ဆိုင်ရာနိုင်ငံ၏ သဘောတူညီချက်မပါဝင်ဘဲ ဆောင်ရွက်သည့် တစ်ဖက်သတ်ယန္တရားများကို မြန်မာနိုင်ငံက လက်ခံခြင်းမရှိဘဲ ပယ်ချသည်။ 

မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် အပြန်အလှန်ဆွေးနွေးပွဲကို ၂၁-၃-၂၀၂၂ ရက်တွင် ကျင်းပခဲ့သည်။ မဟာမင်းကြီးအနေ ဖြင့် CRPH၊ NUG နှင့် PDF အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်မှုများကို အသိ အမှတ်ပြုသော်လည်း ကိန်းဂဏန်းများကို လျှော့ပေါ့ဖော်ပြခဲ့သည်။ ထို့အပြင် “လက်နက် ကိုင်ခုခံသူအဖွဲ့များ”ဟု အမည်တပ်၍ အကြမ်းဖက်လုပ်ရပ်များကို လက်ခံနိုင်သည့် အတိုင်းအတာအဖြစ် လမ်းကြောင်းကာ ဆူပူအုံကြွစေရန်ပင် လှုံ့ဆော်ခဲ့သည်။ အကြမ်းဖက်အဖွဲ့များက ရဟန်းသံဃာနှင့် သီလရှင်များ၊ အမျိုးသမီးနှင့် ကလေးဒါဇင်ပေါင်းများစွာနှင့် ပညာရေး၊ ကျန်းမာရေးဝန်ထမ်းများအပါအဝင် အပြစ်မဲ့အရပ်သား ၂,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့မှုကို မသိကျိုးကျွန် ပြုထားသည်။ မဟာမင်းကြီးသည် ပုလဲ၊ လွိုင်ကော်နှင့် ဒီမောဆိုးမြို့နယ်များ၏ ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် သိမ်းကျုံးစွပ်စွဲမှုများ ပြုလုပ်ခဲ့သည်ကိုတွေ့ရှိရသည်။ ယင်းဖြစ်စဉ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံက အများပြည်သူသို့ ထုတ်ပြန်အသိပေးပြီးဖြစ်သည်။ သက်ဆိုင်ရာနိုင်ငံ၏အမြင်ကို သင့်တင့်စွာ ထင်ဟပ်ဖော်ပြရန် မဖြစ်မနေလိုအပ်သော်လည်း ယင်းသို့အများသိထုတ်ပြန်ပြီး အချက်အလက်များကို မဟာမင်းကြီးက ထည့်သွင်း ဖော်ပြရန် ပျက်ကွက်မှုသည် ၎င်း၏ ပညာရှင်ပီသမှုနှင့် သမာသမတ်ကျမှုအပေါ် မေးခွန်းထုတ်ဖွယ်ဖြစ်သည်။

၂၁-၃-၂၀၂၂ ရက် တစ်ရက်တည်းတွင်ပင် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ၏ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးမှု တစ်ခုကို ထပ်မံကျင်းပခဲ့သည်။ အထူးအစီရင်ခံစာတင်သွင်းသူအနေဖြင့် အရေအတွက် ပမာဏအပေါ် အထူးစိတ်ဝင်စားပုံရပြီး၊ အစီရင်ခံသည့်အကြိမ်တိုင်း အရေအတွက်များကို တိုးမြှင့်ဖော်ပြနေသဖြင့် ၎င်းစွပ်စွဲထားသည့် သေဆုံးမှုနှင့် နေရပ်စွန့်ခွာသူများပမာဏမှာ တမဟုတ်ချင်း တိုးပွားလာသည်ကို တွေ့ရသည်။ လူ့အခွင့်အရေးကောင်စီအစည်း အဝေးတစ်ခုတည်းသို့ လုပ်ကြံဖန်တီးတင်သွင်းသည့် အစီရင်ခံစာနှစ်ခုတွင်ပင် ၎င်း ဖော်ပြထားသည့် အရေအတွက်မှာ ကိုက်ညီမှုမရှိကြောင်း တွေ့ရှိရသည်။ အထူးအစီရင် ခံစာတင်သွင်းသူ၏ ကျင့်ဝတ်တွင် သက်ဆိုင်ရာနိုင်ငံအား ၎င်းနိုင်ငံအပေါ် စွဲဆိုသည့် စွပ်စွဲချက်များကို တုံ့ပြန်နိုင်သည့် အခွင့်အရေးပေးရန်နှင့် ထိုတုံ့ပြန်ချက်များကို အကျဉ်း ချုပ်ရေးသားကာ အထူးအစီရင်ခံစာတင်သွင်းသူ၏ အစီရင်ခံစာတွင် နောက်ဆက်တွဲအဖြစ် ဖော်ပြပေးရန် လိုအပ်သည်။ သို့သော် အထူးအစီရင်ခံစာတင်သွင်းသူက ၎င်း၏ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခဲ့ပြီး၊ “ရက်စက်ကြမ်းကြုတ်မှုများကို ဖြစ်ပွားစေသည့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ မြန်မာ့တပ်မတော်ထံသို့ လက်နက်ရောင်းဝယ်ဖောက် ကားမှုများ” ခေါင်းစဉ်ဖြင့် စာတမ်း (Conference room paper) ကိုပါ လုပ်ကြံဖန်တီးခဲ့ သည်။ ၎င်းလိုလားသည့်ဇာတ်လမ်းများနှင့် မကိုက်ညီသည့် ကွဲပြားသော ရှုထောင့်နှင့် အမြင်များကို ရည်ရွယ်ချက်ရှိစွာ ထည့်သွင်းထားခြင်းမရှိသဖြင့် အထူးအစီရင်ခံစာ တင်သွင်းသူ၏ ဆန်းစစ်လေ့လာမှုများသည် မျှတမှုမရှိ ဘက်လိုက်မှုရှိကြောင်း ထင်ရှားစွာ တွေ့ရသည်။

          ၁-၄-၂၀၂၂ ရက်တွင် “မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေများ” ခေါင်းစဉ်ဖြင့် ဥရောပသမဂ္ဂက တင်သွင်းသည့် ဆုံးဖြတ်ချက်အဆိုကို အတည်ပြုခဲ့သည်မှာလည်း စိတ်ပျက်ဖွယ်ရာဖြစ်သည်။ ယင်းဆုံးဖြတ်ချက်အဆိုပါ အကြောင်းအရာများတွင် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်သည့်အတိုင်းအတာကို ရှင်းလင်းစွာတွေ့ရှိရပြီး၊ စိစစ်ထားခြင်းမရှိသည့်အချက်အလက်များ၊ အခြေအမြစ်မရှိသောစွပ်စွဲချက်များ ပါဝင်သောကြောင့် လူ့အခွင့်အရေးကောင်စီ၏ အခြေခံမူများဖြစ်သည့် ဘက်လိုက်မှုမရှိရေး (Impartiality)၊ ဓမ္မဓိဌာန်ကျကျဖြစ် ရေး(Objectivity)နှင့် လူ့အခွင့်အရေးကိစ္စကိုင်တွယ်ရာတွင် သီးသန့်ရွေးချယ်ပြီး မပြုလုပ်ရေး (Non-selectivity) တို့နှင့် ဆန့်ကျင်နေသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအား လုံးနှင့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို ထိန်းသိမ်းလျက်ရှိသည်။ သို့ရာတွင် ကုလ သမဂ္ဂပဋိညာဉ်စာတမ်းပါမူများနှင့် ဆန့်ကျင်သော နိုင်ငံအချို့၏ စွက်ဖက်သော အပြု အမူများကို ရှုတ်ချသည်။ ဆုံးဖြတ်ချက်အဆို တင်သွင်းသောနိုင်ငံများ၏ မြန်မာနိုင်ငံအတွက် အထောက်အကူမပြုသောဆောင်ရွက်ချက်နှင့် ဆုံးဖြတ်ချက်အဆိုပါ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိပါးသောယန္တရားများနှင့် ဖော်ပြချက် များကို မြန်မာနိုင်ငံက ပြင်းထန်စွာကန့်ကွက်ပယ်ချသည်။

 မြန်မာနိုင်ငံအနေဖြင့် မိတ်ဆွေနိုင်ငံများ၏ အပြုသဘောဆောင်သော ပြောကြားချက်များကို အသိအမှတ်ပြုမှတ်သားထားကာ မြန်မာနိုင်ငံအပေါ် ဆန့်ကျင်သည့် ဆုံး ဖြတ်ချက်အဆို အတည်ပြုချမှတ်ရာတွင် ပါဝင်ပတ်သက်ခြင်းမပြုခဲ့ကြသည့် နိုင်ငံများကို ကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

၂၀၂၂ ခုနှစ်၊ ဧပြီလ ၄ ရက်။

  • ၂၁-၃-၂၀၂၂ ရက်တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးပွဲတွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအနေဖြင့် CRPH၊ NUG နှင့် PDF အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်မှုများကို အသိအမှတ်ပြုသော်လည်း ကိန်းဂဏန်းများကို လျှော့ပေါ့ဖော်ပြခဲ့သည့်အပြင် “လက်နက်ကိုင် ခုခံသူအဖွဲ့များ”ဟု အမည်တပ်၍ အကြမ်းဖက်လုပ်ရပ်များကို လက်ခံနိုင်သည့် အတိုင်းအတာအဖြစ် လမ်းကြောင်းကာ ဆူပူ အုံကြွစေရန်ပင် လှုံ့ဆော်ခဲ့။
  • ၁-၄-၂၀၂၂ ရက်တွင် “မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေများ” ခေါင်းစဉ်ဖြင့် ဥရောပသမဂ္ဂက တင်သွင်းသည့် ဆုံးဖြတ်ချက်အဆိုပါ အကြောင်းအရာများတွင် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်သည့်အတိုင်းအတာကို ရှင်းလင်းစွာတွေ့ရှိရပြီး၊ စိစစ်ထားခြင်း မရှိသည့်အချက်အလက်များ၊ အခြေအမြစ်မရှိသော စွပ်စွဲချက်များ ပါဝင်သောကြောင့် လူ့အခွင့်အရေးကောင်စီ၏ အခြေခံမူများဖြစ်သည့် ဘက်လိုက်မှုမရှိရေး၊ ဓမ္မဓိဌာန်ကျကျဖြစ်ရေးနှင့် လူ့အခွင့်အရေးကိစ္စ ကိုင်တွယ်ရာတွင် သီးသန့်ရွေးချယ်ပြီး မပြုလုပ်ရေးတို့နှင့် ဆန့်ကျင်နေ။
  • မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို ထိန်းသိမ်းလျက်ရှိသော်လည်း ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါမူများနှင့် ဆန့်ကျင်သော နိုင်ငံအချို့၏ စွက်ဖက်သော အပြုအမူများကိုမူ ရှုတ်ချ။
  • ဆုံးဖြတ်ချက်အဆို တင်သွင်းသောနိုင်ငံများ၏ မြန်မာနိုင်ငံအတွက် အထောက်အကူမပြုသောဆောင်ရွက်ချက်နှင့် ဆုံးဖြတ်ချက်အဆိုပါ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိပါးသောယန္တရားများနှင့် ဖော်ပြ ချက်များကို မြန်မာနိုင်ငံက ပြင်းထန်စွာကန့်ကွက်ပယ်ချ။

Add new comment