နိုင်ငံရေးအစွန်းရောက်အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြားစိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ဌာနဆိုင်ရာ အဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ ဆရာ/ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများကို ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွတ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်း သံဃာ တော်များအား ဖမ်းဆီးခေါ်ဆောင်၍ လုပ်ကြံသတ်ဖြတ်ခြင်းများကို လုပ်ဆောင်လျက်ရှိပါသည်။
ဧပြီလ ၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ကင်းကျေးရွာရှိ တောင်ကျောင်း ဆရာတော် ဘဒ္ဒန္တသုစရိတ (သိက္ခာ ၂၇ ဝါ၊ သက်တော် ၄၇ နှစ်) သည် အခန်းအတွင်း သီတင်းသုံးနေစဉ် PDF အကြမ်းဖက်သမား ၁၀ ဦးခန့်က ဘုန်းတော်ကြီးကျောင်းအတွင်းသို့ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ဆရာတော်အား သေနတ်ဖြင့် ၁၁ ချက်ခန့် ရက်ရက်စက်စက်ပစ်ခတ်၍ ဆိုင်ကယ်များဖြင့် ပြန်လည်မောင်းနှင် ထွက်ပြေးသွားခဲ့ရာ ဆရာတော်သည် နောက်ကျောကျည်ဖောက်ဝင်ဒဏ်ရာ၊ ယာနားအောက် ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဝမ်းဗိုက်ကျည်ဖောက်ဝင်ဒဏ်ရာနှင့် ဝဲလက်ဖျံ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာ၌ပင် ပျံလွန်တော်မူခဲ့သဖြင့် ဆရာတော်၏ ရုပ်ကလာပ်အား မတ္တရာမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပါသည်။
PDF အကြမ်းဖက်သမားများသည် ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းနှင့် ဆရာတော်၊ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင် ဆရာကြီး၊ ဆရာလေးများကိုပါမကျန် ဖမ်းဆီးခေါ်ဆောင် ခြင်းနှင့် ရက်စက်စွာသတ်ဖြတ်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိရာ ဧပြီလ ၄ ရက်အထိ သံဃာတော် ၃၅ ပါးနှင့် သာသနာ့နွယ်ဝင် သီလရှင် ၁ ပါးတို့ ပျံလွန်တော်မူခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါအကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ပိတ်ဆို့ရှာဖွေလျက်ရှိကြောင်းနှင့် မိဘပြည်သူများအနေဖြင့် ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် PDF အကြမ်းဖက်သမားများ၏ သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးပို့ တိုင်ကြားပေးခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံ သတင်းထုတ်ပြန်ထားရှိပါသည်။
- PDF အကြမ်းဖက်သမားများက မတ္တရာမြို့နယ်၊ ကင်းကျေးရွာရှိ တောင်ကျောင်းဆရာတော်အား သေနတ်ဖြင့် ၁၁ ချက်ခန့် ရက်ရက်စက်စက်ပစ်ခတ်ခဲ့ရာ ဆရာတော်သည် ရရှိဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာ၌ပင် ပျံလွန်တော်မူခဲ့။
- PDF အကြမ်းဖက်သမားများသည် ဆရာတော်၊ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင် ဆရာကြီး၊ ဆရာလေးများကိုပါမကျန် ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် ရက်စက်စွာ သတ်ဖြတ်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိရာ ဧပြီလ ၄ ရက်အထိ သံဃာတော် ၃၅ ပါးနှင့် သာသနာ့နွယ်ဝင် သီလရှင် ၁ ပါးတို့ ပျံလွန်တော်မူခဲ့ပြီးဖြစ်။
Add new comment