PDF အကြမ်းဖက်သမားများက ဂက်စ်များသယ်ဆောင်လာသည့် မော်တော်ယာဉ်များ၊ ကုန်တင်မော်တော်ယာဉ်များနှင့် အိမ်စီးမော်တော်ယာဉ်များအား အကြောင်းမဲ့မီးရှို့ဖျက်ဆီး

PDF အကြမ်းဖက်သမားများက မတ်လ ၂၉ ရက်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်၌ သွားလာလျက်ရှိသော ကုန်တင်မော်တော်ယာဉ်များနှင့် အိမ်စီးမော်တော်ယာဉ်များအားလည်းကောင်း၊ ဧပြီလ ၁ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်-မေတ္တာ-ထီးခီး သွားကားလမ်းပေါ်၌ ဂက်စ်များ တင်ဆောင်လာသည့် မော်တော်ယာဉ်နှစ်စီးအားလည်းကောင်း အကြောင်းမဲ့မီးရှို့ ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

ကော့ကရိတ်မြို့မှ မြဝတီမြို့သို့ ပို့ဆောင်ရန် ကြက်သွန်နီများနှင့် သံတိုသံစများ တင်ဆောင်လာသည့် (၁၂)ဘီးမော်တော်ယာဉ် ၂ စီးနှင့် အိမ်စီးမော်တော်ယာဉ် ၂ စီးတို့သည် မတ်လ ၂၉ ရက်တွင် ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်ရှိ ကော့နွဲ့တံတားနှင့် တတန်ကူးတံတားအကြားသို့ ရောက်ရှိစဉ် KKO (ခွဲထွက်)အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက လမ်း၏ယာဘက်ခြမ်းမှ လက်နက်ငယ်များဖြင့် အဆက်မပြတ်ပစ်ခတ်ရပ်တန့်ခဲ့ပြီး KNU/ KNLA တပ်မဟာ(၆)၊ KKO(ခွဲထွက်)အဖွဲ့ နှင့် PDF အကြမ်းဖက်သမားများသည် ယာဉ်များပေါ်တွင်ပါရှိသည့် ငွေသားများ၊ လက်ဝတ် ရတနာနှင့် အသုံးအဆောင်ပစ္စည်းများကို ယူဆောင်ကာ ယာဉ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။

မေတ္တာမြို့ရှိ ကစယ်ဒိုထူးကုမ္ပဏီမှ ဂက်စ်များ ဝယ်ယူဖြည့်တင်းပြီး ထားဝယ်မြို့သို့ ပြန်လည်ထွက်ခွာလာသည့် ၁၂ ဘီးမော်တော်ယာဉ် ၂ စီးသည် ဧပြီလ ၁ ရက်တွင် ထားဝယ်-မေတ္တာ-ထီးခီးသွား ကားလမ်း၊ ရမ္မဇူကျေးရွာနှင့် ပခမ်ကျေးရွာအကြားသို့ ရောက်ရှိစဉ် အကြမ်းဖက်သမား ၂၀ ဦးခန့်က လက်နက်ငယ်/ တူမီးသေနတ်များဖြင့် အဆက်မပြတ်ပစ်ခတ်ရပ်တန့်ခဲ့ပြီး မော်တော်ယာဉ် ၂ စီးပေါ်တွင် ပါရှိသည့်ငွေသားများ၊ လက်ဝတ်ရတနာများနှင့် အသုံးအဆောင်ပစ္စည်းများကို ယူဆောင်ကာ ယာဉ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။

ထိုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် အစိုးရရုံး အဆောက်အဦများနှင့် အများပြည်သူနေအိမ်များအပြင် အများပြည်သူသွားလာနေသည့် လမ်းမကြီးများနှင့် ခရီးသွားပြည်သူများအား ပစ်မှတ်ထား ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် လူမှုစီးပွားကို ထိခိုက်ပျက်စီးစေပြီး ကုန်စည်စီးဆင်းမှုကို အဟန့်အတား ဖြစ်စေသည့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သည့် PDF အကြမ်းဖက်သမားများအား အမြန်ဆုံးဖော်ထုတ်အရေးယူနိုင်ရေး ပြည်သူတစ်ရပ်လုံးက လိုလားလျက်ရှိပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သူများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးနှင့် နယ်မြေလုံခြုံရေးအတွက် လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

  • ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်၌ ကုန်တင်မော်တော်ယာဉ်များနှင့် အိမ်စီးမော်တော်ယာဉ်များအား KKO (ခွဲထွက်)အဖွဲ့နှင့် PDF အကြမ်းဖက် သမားများက လက်နက်ငယ်ဖြင့် ပစ်ခတ်၍ အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့။
  • ထားဝယ်-မေတ္တာ-ထီးခီးသွားကားလမ်းတွင် ဂက်စ်များ သယ်ဆောင်လာသည့် မော်တော်ယာဉ်များအား အကြမ်းဖက်သမားများက အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့။

Add new comment