နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးစဉ်သွားရောက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အန်ဟွေးပြည်နယ်၊ ဟွမ်းရှမ်မြို့သို့ မတ်လ ၃၁ ရက်မှ ဧပြီလ ၂ ရက်အထိ အလုပ်သဘောခရီးစဉ်သွားရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် ဧပြီလ ၁ ရက်တွင် Mr.Wang Yi နှင့်တွေ့ဆုံခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးများ ဦးဆောင်သည့် နှစ်နိုင်ငံဆွေးနွေးပွဲကျင်းပခဲ့ရာ-

  • ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာရေးနှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကို နှစ်ဖက်အပြန်အလှန် အကျိုးရှိစေမှုအပေါ်မူတည်ပြီး အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်သွားရေး။

  • ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရေး။

  • တရုတ်နိုင်ငံ၊ ချုံချင်းမြို့၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်သွားရေးနှင့် နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး။

  • နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေး လျင်မြန်ချောမွေ့စေရေးနှင့် ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် နှစ်နိုင်ငံအကြား ယာယီနယ်စပ်ဂိတ်နှင့် အမြဲတမ်းနယ်စပ်ဂိတ် တိုးမြှင့်ဖွင့်လှစ်သွားနိုင်မည့် အလားအလာများ။

  • ဒေသတွင်းနှင့် နိုင်ငံတကာ အကျိုးတူကိစ္စရပ်များ အထူးသဖြင့် ကုလသမဂ္ဂနှင့် အာဆီယံမျက်နှာစာတွင် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စများကို ရင်းနှီးစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

နှစ်နိုင်ငံဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာသဘောတူစာချုပ်နှင့် မြန်မာနိုင်ငံမှ ငှက်ပျောသီးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့တင်ပို့ရန် အပင်ကျန်းမာရေးဆိုင်ရာလိုအပ်ချက် သဘောတူစာချုပ်များ လဲလှယ်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး များက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင်းမြို့၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကောင်စစ်ဝန်ချုပ်ရုံး ထူထောင်ကြောင်း တရားဝင်ထုတ်ပြန်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးမှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဧပြီလ ၂ ရက် တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။

 စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်အရ တရုတ်နိုင်ငံမှ ယွမ်သန်း ၆၅၀ ကို မြန်မာအတွက် ကူညီထောက်ပံ့သွားရန်ရှိကြောင်းနှင့် ငှက်ပျောသီးတင်ပို့ရန် အပင်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက် သဘောတူစာချုပ်အရ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ငှက်ပျောသီး တင်ပို့မှု အခွင့်အလမ်းများ ပိုမိုရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

  • တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး၏ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မတ်လ ၃၁ ရက်မှ ဧပြီလ ၂ ရက်အထိ အလုပ်သဘောခရီးစဉ် သွားရောက်ခဲ့။
  • နှစ်နိုင်ငံဆွေးနွေးပွဲတွင် ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာရေး၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရေး၊ နယ်စပ်ကုန်သွယ်ရေး လျင်မြန်ချောမွေ့စေရေး၊ ကုလသမဂ္ဂ နှင့် အာဆီယံမျက်နှာစာတွင် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
  • နှစ်နိုင်ငံအကြား စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်နှင့် မြန်မာနိုင်ငံမှငှက်ပျောသီးကို တရုတ်နိုင်ငံသို့တင်ပို့ရန် အပင်ကျန်းမာရေးဆိုင်ရာလိုအပ်ချက်သဘောတူစာချုပ်များ လဲလှယ်ခဲ့ပြီး တရုတ်နိုင်ငံ၊ ချုံချင်းမြို့၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကောင်စစ်ဝန်ချုပ်ရုံး ထူထောင်ကြောင်း တရားဝင်ထုတ်ပြန်ခဲ့။
  • စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်အရ တရုတ်နိုင်ငံမှ ယွမ်သန်း ၆၅၀ ကို မြန်မာအတွက် ကူညီထောက်ပံ့သွားရန်ရှိ။

Add new comment