လန်ချန်း-မဲခေါင် ရုပ်သေးပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းတစ်ခုဖြစ်သည့် လန်ချန်း-မဲခေါင် ရုပ်သေးပွဲတော်ဖွင့်ပွဲအခမ်းအနားကို မတ်လ ၃၀ ရက်တွင် မန္တလေးမြို့၊ မြနန်းဘုံစံ ရတနာပုံခန်းမတွင် Virtual စနစ်ဖြင့် ကျင်းပခဲ့ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများဖြစ်သော ကမ္ဘောဒီးယားနိုင်ငံ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ လာအိုနိုင်ငံ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ရုပ်သေးပညာရှင်များ တက်ရောက်ခဲ့ပါသည်။

လန်ချန်း-မဲခေါင် ရုပ်သေးပွဲတော်ကို မတ်လ ၃၀ ရက်မှ ၃၁ ရက်အထိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) တွင် Virtual စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး အခမ်းအနားဖွင့်ပွဲတွင် မြန်မာနိုင်ငံမှ မြန်မာ့ရုပ်သေးအကများဖြစ်သော နတ်ကတော် အက၊ ဇော်ဂျီအက၊ အရုပ်နှင့်လူ ကကြိုးတူအကနှင့် လန်ချန်း-မဲခေါင် ဂုဏ်ပြုသီချင်း (ရုပ်သေးအက) တို့ဖြင့် တင်ဆက်ပြသခဲ့ပါသည်။

အခမ်းအနားတွင် မဲခေါင်-လန်ချန်း ဒေသတွင်းအဖွဲ့ဝင်ခြောက်နိုင်ငံမှ ရုပ်သေးပညာရှင်များ၏  ရုပ်သေးအကများ တင်ဆက်ကပြခြင်း၊ မိမိတို့နိုင်ငံ၏ ရုပ်သေးပညာဆိုင်ရာ သရုပ်ပြမှုများပြုလုပ်ခြင်းနှင့် စာတမ်းဖတ်ကြားခြင်းများဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံအလိုက်ရုပ်သေးပညာရပ်များကို ဖော်ထုတ်ထိန်းသိမ်းကာ ရုပ်သေးအနုပညာအရည်အသွေးများမြင့်မားလာစေရန်နှင့် ရိုးရာရုပ်သေးပညာများကို မြတ်နိုးလာစေရန် ဆောင်ရွက်နေခြင်းနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

  • လန်ချန်း-မဲခေါင် ရုပ်သေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို မတ်လ ၃၀ ရက်တွင် Virtual စနစ်ဖြင့် ကျင်းပခဲ့။
  • အခမ်းအနားတွင် မဲခေါင်-လန်ချန်း ဒေသတွင်းအဖွဲ့ဝင်ခြောက်နိုင်ငံမှ ရုပ်သေးပညာရှင်များ၏ ရုပ်သေးအကများ တင်ဆက်ကပြမည်ဖြစ်။

Add new comment