ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် (၁၈)ကြိမ်မြောက် ဘင်းမ်စတက်နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် မတ်လ ၂၉ ရက်တွင် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၌ Hybrid စနစ်ဖြင့် ကျင်းပသည့် (၁၈)ကြိမ် မြောက် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။ အစည်းအဝေး၌  ဘင်းမ်စတက်အလှည့်ကျဥက္ကဋ္ဌ သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသော ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများက  မိန့်ခွန်းပြောကြားခဲ့ပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏ မောင်လွင်က မိန့်ခွန်းများပြောကြားခဲ့ရာတွင်-

  • ဘင်းမ်စတက်ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်ရှိ လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကဏ္ဍ၏ ဦးဆောင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း၌ ကျန်းမာရေးနှင့်ညီညွတ်ပြီး အာဟာရပြည့်ဝသည့် စားသောက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနှင့် မွေးမြူရေးကဏ္ဍတို့၌ အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်သွားမည်ဖြစ်ကြောင်း။
  • ဒေသတွင်းအကြမ်းဖက်မှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများကို နှိမ်နင်းဆောင်ရွက်ရာတွင် အဖွဲ့ဝင်နိုင်ငံများ၏ စည်းလုံးညီညွတ်မှုနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်မှုတို့သည် ခိုင်မာသည့် ခွန်အားတစ်ရပ် ဖြစ်စေမည်ဖြစ်ကြောင်း။
  • မြန်မာနိုင်ငံအနေဖြင့် ဘင်းမ်စတက်ပဋိညာဉ်စာတမ်းတွင် ပြဋ္ဌာန်းထားသည့် အချုပ်အခြာအာဏာတန်းတူညီတူရှိမှု၊ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်မှု၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှု၊ အပြန်အလှန်လေးစားမှုနှင့် တူညီဆန္ဒစသည့် အခြေခံမူများကို တိကျစွာလိုက်နာကျင့်သုံး လျက် တက်ကြွစွာပူးပေါင်း ဆောင်ရွက်သွားရန် သန္နိဌာန်ထားရှိမှုကို အတည်ပြုကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် (၁၈) ကြိမ်မြောက် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအစီရင်ခံစာကို အဖွဲ့ဝင်နိုင်ငံအားလုံး၏ သဘောတူညီချက်ဖြင့် အတည်ပြုနိုင်ခဲ့ပြီး သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးက ဘင်းမ်စတက်ပူးပေါင်းဆောင်ရွက်မှု အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။   

အစည်းအဝေးသို့ သီရိလင်္ကာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ ထိုင်းနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဘင်းမ်စတက်အတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

  • နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၌ Hybrid စနစ်ဖြင့် ကျင်းပသည့် (၁၈)ကြိမ်မြောက် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဗွီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့။
  • ဒေသတွင်းအကြမ်းဖက်မှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများကို နှိမ်နင်းဆောင်ရွက်ရာတွင် အဖွဲ့ဝင်နိုင်ငံများ၏ စည်းလုံးညီညွတ်မှုနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်မှုတို့သည် ခိုင်မာသည့် ခွန်အားတစ်ရပ် ဖြစ်စေမည်ဖြစ်။
  • မြန်မာနိုင်ငံအနေဖြင့် ဘင်းမ်စတက်ပဋိညာဉ်စာတမ်းတွင် ပြဋ္ဌာန်းထားသည့် အချုပ်အခြာအာဏာတန်းတူညီတူရှိမှု၊ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်မှု၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှု၊ အပြန်အလှန်လေးစားမှုနှင့် တူညီဆန္ဒစသည့် အခြေခံမူများကို တိကျစွာလိုက်နာကျင့်သုံးလျက် တက်ကြွစွာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်။

Add new comment