နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ထိခိုက်ခဲ့သည့် ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းများ ပြန်လည်တိုးတက်ကောင်းမွန်စေရေးအတွက် ရည်ရွယ်၍ နိုင်ငံကျော်အနုပညာရှင်များပါဝင်သည့် အဖွဲ့တစ်ဖွဲ့အား ပြည်တွင်းရှိ အထင်ကရနေရာများသို့ လိုက်လံပို့ဆောင် ပေးလျက်ရှိပါသည်။
အဆိုပါ အနုပညာရှင်များပါဝင်သည့် အဖွဲ့သည် မတ်လ ၂၉ ရက် နံနက်ပိုင်းတွင် ပြင်ဦးလွင်ဘူတာမှ ဂုတ်ထိပ်တံတားသို့ မီးရထားဖြင့် သွားရောက်လည်ပတ်စဉ် ဂန့်ဂေါနှင့် ဆင်လမ်းစုကျေးရွာအကြားတွင် PDF အကြမ်းဖက်သမားများက ရီမုမိုင်း ၁ လုံးဖြင့် အဝေးမှနှောင့်ယှက်ဖောက်ခွဲ တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး အနုပညာရှင်များ၊ လုံခြုံရေးလိုက်ပါလာသည့် အဖွဲ့ဝင်များနှင့် မီးရထားဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာမရှိဘဲ အထက်တန်း ၂ တွဲမြောက်၏ ကြမ်းခင်းပွင့်ထွက်ပျက်စီးခဲ့ပါသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဘာသာရေးနှင့်လူမှုရေးအဖွဲ့အစည်းများမှ ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ခဲ့ရာ-
- ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)နှင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)တို့က ၎င်းအဖျက်လုပ်ရပ်များအပေါ် တည်ငြိမ်အေးချမ်းမှုကိုလိုလားသည့် ပြည်သူများက ရှုတ်ချလျက်ရှိကြောင်းနှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ရန် သဘောထားထုတ်ပြန်။
- မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက အဆိုပါအကြမ်းဖက်သမားများ၏လုပ်ဆောင်မှုသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ထာဝရငြိမ်းချမ်းရေးရရှိရေးနှင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသောဒီမိုကရေစီစနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့ကို အထောက်အကူမပြု သောအဖျက်အမှောက်လုပ်ငန်းများဖြစ်သည့်အတွက် အဆိုပါလုပ်ဆောင်မှုအပါအဝင် အကြမ်းဖက်လုပ်ဆောင်မှုမှန်သမျှအား လုံးဝ(လုံးဝ)လက်မခံကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်။
- မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)နှင့် မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)တို့က အနုပညာရှင်များအား ယခုကဲ့သို့ အကြမ်းဖက်တိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ ပြင်းထန်စွာရှုတ်ချကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ကို အဘက်ဘက်မှဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်သူလူထုတို့ဖြင့် တက်ညီလက်ညီကြိုးပမ်းဆောင်ရွက်လျက်ရှိစဉ် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် အဖျက်အမှောင့်လုပ်ရပ်မျိုးစုံကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေမှုများအပေါ် တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ပြည်သူများကလည်း ရှုတ်ချလျက်ရှိကြောင်း သိရှိရပါသည်။
- ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းများ တိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှဆောင်ရွက်လျက်ရှိသည့် အနုပညာရှင်များ စီးနင်းလိုက်ပါလာသည့် မီးရထားကို PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းခွဲတိုက်ခိုက်ခဲ့သဖြင့် လူထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာမရှိဘဲ အထက်တန်း ၂ တွဲမြောက်၏ ကြမ်းခင်း ပွင့်ထွက်ပျက်စီးခဲ့။
- ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)နှင့် မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)တို့က ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ခဲ့။
Add new comment