နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၃/၂၀၂၂)သို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၃/၂၀၂၂) ကို မတ်လ ၂၉ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင်-

  • ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ၂၀၂၁ ခုနှစ်အတွင်း တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းထိုးနှံပြီးစီးရန် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ ၅၁ ရာ ခိုင်နှုန်းကျော်ထိုးနှံပြီးစီးခဲ့ကြောင်း၊  ယခုအခါ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၇၀ ရာခိုင်နှုန်းကျော်ထိုးနှံပြီးဖြစ်ကြောင်း။
  • နိုင်ငံတော်အစိုးရအနေဖြင့် ဧပြီလကုန်အတွင်း တစ်နိုင်ငံလုံးကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးစီးမှုရာနှုန်းပြည့်ပြီးစီးရန် လျာထားဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးများလည်း အလုံအလောက်ရရှိပြီးဖြစ်ကြောင်း။
  • ပညာရေးနှင့်ပတ်သက်၍ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သော်လည်း ဩဂုတ်လ ၈ ရက်တွင် ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းဖြစ်ပွားမှုကြောင့် ပြန်လည်ပိတ်ထားခဲ့ရပြီး နိုဝင်ဘာလ ၁ ရက်တွင်စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၅ သန်း ၃ သိန်းကျော် ကျောင်းအပ်နှံခဲ့ပြီး ၄ သန်း ၁ သိန်း ခြောက်သောင်းကျော် တက်ရောက်ပညာသင်ကြားခဲ့သဖြင့် ၇၈ ရာခိုင်နှုန်းကျော် ကျောင်းတက်ရောက်ခဲ့ကြောင်း။
  • ပညာရေးမူဝါဒနှင့်ပတ်သက်၍ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းသားအားလုံး ၉ သန်းကျော်တွင် ၅ သန်းကျော်(၆၀ ရာခိုင်နှုန်းခန့်)သာ စာရင်းပေးပြီး ၄ သန်း ခန့်က ကျောင်းလာမတက်ကြောင်း၊ စာရင်းပေးသည့် ၅ သန်းကျော်ခန့်တွင်လည်း ၂၀ ရာခိုင်နှုန်းခန့်က ကျောင်းမတက် ဘဲ ၈၀ ရာခိုင်နှုန်းခန့်သာ ကျောင်းလာတက်သဖြင့် ပညာရေးသည် မိမိတို့အတွက် အန္တရာယ်ကြီးမားတာကို တွေ့ရကြောင်း။
  • ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ၂၅ နှစ်အထက် လူဦးရေ၏ ၂၅ ဒသမ ၁၆၉ သန်းတွင် အလယ်တန်းအဆင့်ထိ ၁၈ ဒသမ ၂၆၃ သန်း (၆၀ ရာခိုင်နှုန်းခန့်) တက္ကသိုလ်ဘွဲ့ရ နှစ်သန်းကျော်၊ အခြားကဘွဲ့၊ ဒီပလိုမာရသူ ၅ သိန်းကျော်၊ THS နှင့် TVED အသက်မွေးဝမ်း ကြောင်းနှင့်ပတ်သက်၍ပြီးသည့်သူ တစ်သိန်းခန့်ရှိပြီး အဆိုပါလူများကလည်း ပြည်နယ်တွေမှာနေသူ အများစုဖြစ်ကြောင်း။
  • မြို့ပေါ်လူများတွင် ပညာတတ်ရာခိုင်နှုန်းသည် ၇၈/၈၀ ရာခိုင်နှုန်းလောက်ရှိပြီး ကျေးလက်က ၂၀  ရာခိုင်နှုန်းလောက်သာရှိသဖြင့် မိမိတို့နိုင်ငံ၏ ပညာရေးကို မပြင်၍ အားမပေး၍မရကြောင်း၊ မိမိတို့အနေဖြင့် သန္နိဌာန်ချပြီး ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ပညာရေးသည် တိုင်းပြည် တိုးတက်ရေးအတွက်သာမက ဒီမိုကရေစီ အရေးအတွက်ပါ အဓိကကျနေသဖြင့် ပညာရေးမူဝါဒကို မဖြစ်မနေချမှတ်ပြီး ဆောင်ရွက်ဖို့လိုကြောင်း။
  • ဆေးတက္ကသိုလ်အသီးသီးသို့ တက်ရောက်ခဲ့သူများသည် မြန်မာနိုင်ငံရှိဆေးရုံများအတွက် လိုအပ်သည့်ပမာဏထက် များပြားလျက်ရှိသော်လည်း အဆိုပါ ကျန်းမာရေးဝန်ထမ်းအများစုသည် ပြည်သူ့ဆေးရုံများတွင် တာဝန်ထမ်းဆောင်မှုမရှိသဖြင့် လာမည့်ပညာသင်နှစ်များတွင် ဆေးတက္ကသိုလ်၊ သွားဖက်ဆိုင်ရာဆေးတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်တို့တွင် သင်ကြားသူများကို နိုင်ငံတော်အတွက်တာဝန်ထမ်းဆောင်မည်ဆိုပါက အခမဲ့ပညာရေးစနစ်ဖြင့် သင်ကြားပေးမည်ဖြစ်ပြီး နိုင်ငံတော်တာဝန်အား ထမ်းဆောင်လိုမှုမရှိသူများကို ထိုက်သင့်သည့် အခကြေးငွေများပေးသွင်းရသည့်စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
  • ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်လုပ်ငန်းများဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ ဧပြီလအတွင်း ခရီးသွားလုပ်ငန်းများပုံမှန်အတိုင်း ပြန်လည်ခွင့်ပြုပေးနိုင်ရန်အတွက် တာဝန်ရှိသူများနှင့် ဆွေးနွေးဆောင်ရွက်ခဲ့ပြီး ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက် မှစတင်၍ ပြည်တွင်းပြည်ပ ခရီးသွားလာမှုများကို ပြန်လည်ခွင့်ပြုပေးသွားရန် စီစဉ်ထားကြောင်း။
  • တက္ကသိုလ်များကို ပြီးခဲ့သည့်နှစ် မေ ၅ ရက်မှစတင်၍ နောက်ဆုံးနှစ် မဟာဘွဲ့၊ ပါရဂူဘွဲ့၊ ဘွဲ့လွန်ဒီပလိုမာဘွဲ့သင်တန်းများဖွင့်လှစ်ခဲ့ကြောင်း၊ အလားတူအဆင့်မြင့်တန်းများနှင့် အဝေးသင်သင်တန်းများကိုလည်း ဖွင့်လှစ်ခဲ့ကြောင်း၊ မေလလယ်မှစ၍ ကျန်ရှိသည့်အတန်းများအားလုံး ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် စာသင်ကျောင်းများကို အောင်မြင်စွာပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အောင်မြင်သည့်လုပ် ဆောင်မှုတစ်ခုပင်ဖြစ်ကြောင်း။
  • စွမ်းရည်ဘွဲ့တံဆိပ်များချီးမြှင့်ပေးအပ်မှုနှင့်ပတ်သက်၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ အတွင်းကျရောက်မည့် စိန်ရတုလွတ်လပ်ရေးနေ့တွင် နိုင်ငံတော်အတွက် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ နည်းပညာ၊ အနုပညာတို့အရ စွမ်းစွမ်းတမံကြိုးပမ်း ဆောင်ရွက်ခဲ့သည့် ပုဂ္ဂိုလ်များကို ဂုဏ်ပြုချီးမြှင့်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းတိုင်ပင်၍ စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
  • စွမ်းအင်မူဝါဒနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ထုတ်ယူနိုင်သည့် ရေအရင်းအမြစ်များစွာရှိသဖြင့် လျှပ်စစ်ဓာတ်အားရရှိရေး အကျိုးရှိစွာအသုံးချရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ ရာသီဥတုအရ နေရောင်ခြည်ရရှိသည့်ရက် များပြားသည့် ဒေသများပြားခြင်းကြောင့် နေရောင်ခြည်စွမ်းအင်ကိုအသုံးချ၍ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများကို ဆောင်ရွက်၍ရကြောင်း။
  • ကမ္ဘာပေါ်တွင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုပြဿနာများဖြစ်ပေါ်လျက်ရှိပြီး Clean Area များဖြစ်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မိမိတို့အနေဖြင့် ပြည့်ဖြိုးမြဲစွမ်းအင်များကို အသုံးချနိုင်မည်ဆိုပါက အဆိုပါပြဿနာများကို ကျော်လွှားမည်နိုင်ဖြစ်သကဲ့သို့ ပြည်ပမှ စက် သုံးဆီများတင်သွင်းမှုကိုလည်း လျှော့ချသွားနိုင်မည်ဖြစ်ကြောင်း။
  • မိမိတို့နိုင်ငံရှိ Public Transportations ဖြစ်သည့် မီးရထားလမ်းများသည် ဒီဇယ်စွမ်းအင်သုံးမီးရထားစက်ခေါင်းများကို အသုံးပြုလျက်ရှိပြီး အဆိုပါမီးရထားလမ်းများတွင် လျှပ်စစ်ရထားများဖြင့် ပြေးဆွဲနိုင်မည်ဆိုပါက စက်သုံးဆီများစွာ ချွေတာနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံတွင် မော်တော်ယာဉ် တစ်သန်းကျော်နှင့် မော်တော် ဆိုင်ကယ် ၆ သန်းကျော်ရှိကြောင်း။
  • လောင်စာဆီများ ပြည်ပမှတင်သွင်းရာတွင် ပို့ဆောင်ရေးကဏ္ဍ၌ ၇၂ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍတွင် ၂၆ ရာခိုင်နှုန်း၊ လျှပ်စစ်ထုတ်လုပ်ရေးတွင် ၁ ရာခိုင်နှုန်းအသုံးပြုထားရာ လျှပ်စစ်မော်တော်ကားများကို အစားထိုးအသုံးပြုနိုင်မည်ဆိုပါက စက်သုံးဆီသုံးစွဲမှုကို များစွာလျှော့ချနိုင်မည် ဖြစ်ကြောင်း၊ Public Transportations ကိစ္စရပ်များတွင် လျှပ်စစ်ကို အသုံးပြုနိုင်မည်ဆိုပါက နိုင်ငံအတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း။
  • မဟာသင်္ကြန်ကိစ္စနှင့်ပတ်သက်၍ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် နိုင်ငံရေးအခြေအနေများကြောင့် ယခင်နှစ်က အကန့်အသတ်ဖြင့်သာခွင့်ပြုခဲ့ရာ လက်ရှိအခြေအနေအရ မဟာသင်္ကြန်ကျင်းပနိုင်ရန်အတွက် အတိုင်းအတာတစ်ခုအထိ ခွင့်ပြုပေးသွားရန်စီမံထားကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးဆိုင်ရာအစီအမံကောင်းများ ကြိုတင်ပြင်ဆင်ရေးဆွဲရေး၊ ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများ နေထိုင်မှုအဆင်ပြေစေရန် နိုင်ငံတော်အနေဖြင့် စီစဉ်ပေးရေး၊ ယနေ့နိုင်ငံတော်တွင် ဖြစ်ပေါ် နေသော သတင်းအမှား၊ သတင်းအမှန်များကို ပြည်သူများနှင့် ကျောင်းသားလူငယ်များ ခွဲခြားသိရှိနိုင်ရေးပညာပေး ဟောပြောပွဲများဆောင်ရွက်ရေး၊ နိုင်ငံခြားသားများအမြဲနေထိုင်ခွင့် (PR) လျှောက်ထားသူများအား သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီခွင့်ပြုရေးတို့နှင့် စပ်လျဉ်း ၍ ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင်-

  • ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့်ပတ်သက်၍ အကြမ်းဖက်လုပ်ရပ်များနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ကျခံနေရသူများအား ပြစ်ဒဏ်လျှော့ပေါ့ပေးသွားမည်မဟုတ်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော အကြမ်းဖက်မှုများနှင့်ပတ်သက်၍ အချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင် ပတ်သက်နေသည်ကို တွေ့ရှိရကြောင်း။
  • မိမိတို့၏ နိုင်ငံတော်တည်ဆောက်ရေးရည်မှန်းချက်မှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်သွားရန်ဖြစ်ကြောင်း၊ အကြမ်းဖက်အဖွဲ့အစည်းများကို နှိမ်နင်းနိုင်မှသာ လွတ်လပ်၍တရားမျှတပြီး  ခြိမ်းခြောက်အကြပ်ကိုင်မှု ကင်းရှင်းသော ရွေးကောက်ပွဲကို ကျင်းပပေးနိုင်မည်ဖြစ်သည့်အတွက် အကြမ်းဖက်အဖွဲ့များပပျောက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
  • မိမိတို့အနေဖြင့် တစ်နိုင်ငံလုံးတွင်ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

  • နိုင်ငံတော်အစိုးရအနေဖြင့် ဧပြီလကုန်အတွင်း တစ်နိုင်ငံလုံးကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးစီးမှုရာနှုန်းပြည့်ပြီးစီးရန် လျာထားဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးများလည်း အလုံအလောက်ရရှိပြီးဖြစ်။
  • မိမိတို့အနေဖြင့် ပြည့်ဖြိုးမြဲစွမ်းအင်များကို အသုံးချနိုင်မည်ဆိုပါက သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုပြဿနာများကို ကျော်လွှားနိုင်မည်ဖြစ်သကဲ့သို့ ပြည်ပမှစက်သုံးဆီများတင်သွင်းမှုကိုလည်း လျှော့ချသွားနိုင်မည်ဖြစ်။
  • မိမိတို့နိုင်ငံရှိ Public Transportations ဖြစ်သည့် မီးရထားလမ်းများသည် ဒီဇယ်စွမ်းအင်သုံးမီးရထားစက်ခေါင်းများကို အသုံးပြုလျက်ရှိပြီး အဆိုပါမီးရထားလမ်းများတွင် လျှပ်စစ်ရထားများဖြင့် ပြေးဆွဲနိုင်မည်ဆိုပါက စက်သုံးဆီများစွာ ချွေတာနိုင်မည်ဖြစ်
  • ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့်ပတ်သက်၍ အကြမ်းဖက်လုပ်ရပ်များနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ကျခံနေရသူများအား ပြစ်ဒဏ်လျှော့ပေါ့ပေးသွားမည်မဟုတ်၊ လက်ရှိဖြစ်ပေါ်နေသောအကြမ်းဖက်မှုများနှင့်ပတ်သက်၍ အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင် ပတ်သက်နေသည်ကို တွေ့ရှိရ။
  • မိမိတို့၏ နိုင်ငံတော်တည်ဆောက်ရေးရည်မှန်းချက်မှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်ထောင်စုကို တည်ဆောက်သွားရန်ဖြစ်၊ အကြမ်းဖက်အဖွဲ့အစည်းများကို နှိမ်နင်းနိုင်မှသာ လွတ်လပ်၍တရားမျှတပြီး  ခြိမ်းခြောက်အကြပ်ကိုင်မှုကင်းရှင်းသော ရွေး ကောက်ပွဲကို ကျင်းပပေးနိုင်မည်ဖြစ်သည့်အတွက်အကြမ်းဖက်အဖွဲ့များ ပပျောက်အောင် ဆောင်ရွက်သွားရမည်ဖြစ်။

Add new comment