သီလဝါဆိပ်ကမ်းရှိ Puma ဆီသိုလှောင်ရုံအား ဖောက်ခွဲရန် စီစဉ်လျက်ရှိသည့် တရားခံများအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

နိုင်ငံတော်အစိုးရအနေဖြင့် CRPH၊ NUG နှင့် PDF အကြမ်းဖက်အဖွဲ့များက ပြည်သူလူထုအား လုပ်ကြံသတ်ဖြတ်ခြင်းနှင့် နိုင်ငံတော်အစိုးရ၏အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်အတွက် အစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် ပြည်သူလူထု ပိုင်အဆောက်အဦများအား အကြောင်းမဲ့ ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများအား နေ့/ည မပြတ်ဆောင်ရွက်လျက်ရှိရာ မတ်လ ၂၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Puma လေယာဉ်ဆီသိုလှောင်ရုံအား ဒရုန်းဖြင့်ဖောက်ခွဲရန် စီစဉ်လျက် ရှိသော ကျော်ဇင်(ခ)ကိုကျော်(၄၁)နှစ်အား ရွှေပေါက္ကံမြို့သစ်၌ DJI အမျိုးအစား ဒရုန်း ၁ စင်း၊ ၉ မမကျည် ၆၀ တောင့်၊ လက်ပစ်ဗုံး ၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိတရားခံ ကျော်ဇင်(ခ)ကိုကျော်၏ ထွက်ဆိုချက်နှင့် စိစစ်ဖော်ထုတ်ချက်အရ ရွှေပေါက္ကံမြို့သစ်၌ တရားခံ ၁ ဦး၊ မြောက်ဥက္ကလာပမြို့နယ်၌ တရားခံ ၃ ဦး၊ တောင်ကြီးမြို့၌ တရားခံ ၂ ဦးနှင့် မင်္ဂလာဒုံမြို့နယ်၌ တရားခံ ၃ ဦး စုစုပေါင်း တရားခံ ၉ ဦးအား လက်လုပ်သေနတ် ၂ လက်၊ လက်လုပ်သေနတ်ကိုယ်ထည် ၈ ခု၊ ၉ မမ ကျည် ၃၅ တောင့်၊ လက်လုပ်သေနတ်နှင့် လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိတရားခံများ၏ လှုပ်ရှားဆောင်ရွက်မှုများမှာ-

  • ၂၀၂၁ ခုနှစ်၊ မေလခန့်တွင် ဖြိုးသူစိုး(ခ)ဂျက်လီသည် KNU တပ်မဟာ(၃) နယ်မြေ၌ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းအား တက်ရောက်ခဲ့ပြီး ဇူလိုင်လတွင် မြောက်ဥက္ကလာ PDF အကြမ်းဖက်အဖွဲ့အား ကျော်ဇင်(ခ)ကိုကျော် ဦးဆောင်၍ အင်အား ၁၂ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း။
  • ထွေးထွေးအောင်၊ ကျော်ဇင်(ခ)ကိုကျော်၊ ချစ်သက်ဦး(ခ)သူရတို့သည် KNLA တပ်မဟာ(၇)နယ်မြေ၌ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် NUG အကြမ်းဖက်အဖွဲ့ဝင် စိုးသူရထွန်းနှင့်ချိတ်ဆက်၍ အများပြည်သူ ထိခိုက်နစ်နာစေရန်နှင့် လေယာဉ်များပျံသန်းရာတွင် လေယာဉ်ဆီ အခက်အခဲများ ဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Puma လေယာဉ်ဆီသိုလှောင်ရုံအား ဒရုန်းဖြင့်ဖောက်ခွဲရန် စီစဉ်ခဲ့ကြောင်း၊ အကြမ်းဖက်ဖောက်ခွဲမှုများဆောင်ရွက်နိုင်ရန် လိုအပ်သောငွေကြေးများအား စင်ကာပူနိုင်ငံနေ ဖမ်းဆီးရန်ကျန် တရားခံ အိုင်းရင်းမှ ထုတ်ပေးခဲ့ကြောင်းနှင့် စိုးသူရထွန်း ပို့ဆောင်ပေးမည့် ဖောက်ခွဲရေးအတွက် လိုအပ်သောယမ်းနှင့် ဆက်စပ်ပစ္စည်းများအား စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း‌။
  • မြောက်ဥက္ကလာ PDF အကြမ်းဖက်အဖွဲ့သည် နိုင်ငံတော်၏အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန် ရည်ရွယ်၍ အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် အကြမ်းဖက်ဖောက်ခွဲမှု ၅ ကြိမ် ကျူးလွန်ခဲ့ကြောင်း။

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင်ပါကြောင်း အသိပေးသတင်းထုတ်ပြန်ထားရှိပါသည်။

  • ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Puma လေယာဉ်ဆီသိုလှောင်ရုံအား ဒရုန်းဖြင့်ဖောက်ခွဲရန် စီစဉ်လျက်ရှိသော တရားခံ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၁ ဦး၊ ပေါင်း ၁၁ ဦး တို့ အား DJI အမျိုးအစား ဒရုန်း ၁ စင်း၊ လက်ပစ်ဗုံး ၂ လုံး၊ ၊ ၉ မမကျည် ၉၅ တောင့်၊ လက်လုပ်သေနတ် ၂ လက်၊ လက်လုပ်သေနတ် ကိုယ် ထည် ၈ ခု၊ လက်လုပ်သေနတ်နှင့် လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့။
  • အကြမ်းဖက်သမားများ အကြမ်းဖက်ဖောက်ခွဲမှုများ ဆောင်ရွက်နိုင်ရန် လိုအပ် သောငွေကြေးများအား စင်ကာပူနိုင်ငံနေ ဖမ်းဆီးရန်ကျန်တရားခံ အိုင်းရင်းမှ ထုတ်ပေးခဲ့ပြီး NUG အကြမ်းဖက်အဖွဲ့ဝင် စိုးသူရထွန်း ပို့ဆောင်ပေးမည့် ဖောက် ခွဲရေးအတွက် လိုအပ်သောယမ်းနှင့် ဆက်စပ်ပစ္စည်းများအား စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်။

 

Add new comment