အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားသော NUG၊ PDF အဖွဲ့များနှင့် အစွန်း ရောက် NLD ထောက်ခံသော အကြမ်းဖက်သမားများသည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ သံဃာတော်များအား အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းများကို ရက်စက်စွာ ပြုလုပ်လျက် ရှိပါသည်။
မတ်လ ၂၄ ရက်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကိုင်းကျေးရွာရှိ “မဟာဝိသုတရာမပညာဒီပကျောင်း”အတွင်းသို့ PDF အကြမ်းဖက်အဖွဲ့ အင်အား ၁၅ ဦးခန့်က ဝင်ရောက်လာပြီး ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသံဝရ (၅၇) နှစ်၊ (၂၂) ဝါနှင့် ဘုန်းတော်ကြီးကျောင်းတွင် ရောက်ရှိနေသည့် ဦးကြည်ခိုင်ဝင်း (၄၇) နှစ်တို့ကို အကြောင်းမဲ့ သေနတ်၊ ဓားများဖြင့် ရက်စက်စွာ ဝိုင်းဝန်းပစ်ခတ်ထိုးခုတ်သတ်ဖြတ်၍ ဘုန်းတော်ကြီးကျောင်းရှိ မော်တော်ယာဉ်အား လုယက်ယူဆောင်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့ပါသည်။ ဆရာတော်ဘဒ္ဒန္တသံဝရတွင် ဝမ်းဗိုက်နှင့်ယာမျက်လုံးတို့၌ ကျည်ဖောက်ဝင်ဒဏ်ရာများနှင့် ဦးကြည်ခိုင်ဝင်းတွင် ရင်ဘတ်ကျည်ဖောက်ဝင် ဒဏ်ရာ၊ ဦးခေါင်းပြတ် ထွက်ဒဏ်ရာများရရှိကာ သေဆုံးလျက်ရှိကြောင်း သိရှိရပါသည်။
PDF အကြမ်းဖက်အဖွဲ့များသည် အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရာတွင် ၎င်း တို့၏ အကြမ်းဖက်လုပ်ရပ်များကို ထောက်ခံခြင်းမရှိသည့် ဘုန်းကြီးကျောင်းများကို မီးရှို့ ဖျက်ဆီးခြင်း၊ ဗုဒ္ဓသာသနာပြန့်ပွားရေး သာသနာ့တာဝန်ထမ်းဆောင်နေသော ဘုရားသားတော်များနှင့် ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်ခြင်းများသည် ယုတ်မာရက်စက်သည့် အကြမ်းဖက်မှုလုပ်ရပ်များဖြစ်ပါသည်။ ၎င်းတို့၏လုပ်ရပ်များသည် သာသနာတော် ညှိုးနွမ်းပျက်စီးစေခြင်းနှင့် အများပြည်သူ စိုးရိမ်ထိတ်လန့်မှုများဖြစ်စေခြင်းတို့ကြောင့် ပြည်သူတစ်ရပ်လုံးက ၎င်းတို့အား စက်ဆုပ်ရွံရှာ၍ မုန်းတီးလျက်ရှိပါသည်။
အဆိုပါအကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
- PDF အကြမ်းဖက်သမားများက ကိုင်းကျေးရွာရှိ “မဟာဝိသုတရာမပညာဒီပ ကျောင်း”အတွင်းသို့ ဝင်ရောက်လာပြီး ကျောင်းထိုင်ဆရာတော်နှင့် အပြစ်မဲ့ အမျိုးသားတစ်ဦးအား အကြောင်းမဲ့ သေနတ်၊ ဓားများဖြင့် ရက်စက်စွာ ဝိုင်းဝန်းပစ်ခတ် ထိုးခုတ်သတ်ဖြတ်၍ ဘုန်းတော်ကြီးကျောင်းရှိ မော်တော်ယာဉ်အား လုယက်ယူဆောင်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့။
Add new comment