ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လေဘေးသင့်ပြည်သူများနှင့် မုန်တိုင်းရှောင် ပြည်သူများအား စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီးအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မြို့နယ် ၁၁ မြို့နယ်တို့ရှိ ကျေးရွာအချို့မှ ဘုရားစေတီများ၊ ပြည်သူ့ဆေးရုံများ၊ အခြေခံပညာကျောင်းများ၊ နေအိမ်များအား တပ်မတော်သားများနှင့် တာဝန်ရှိသူများပူးပေါင်း၍ လိုအပ်သည့်ကူညီရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိပြီး လေဘေးသင့် ပြည်သူများအား ဧရာဝတီတိုင်းဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါပုံးနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ထို့ပြင် လပွတ္တာမြို့နယ်အတွင်း ကျေးရွာ ၃ ရွာတို့ရှိ ဘက်စုံမုန်တိုင်းဒဏ်ခံ အဆောက်အဦများတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် မုန်တိုင်းရှောင်ပြည်သူများအား တာဝန်ရှိသူများက စားသောက်ဖွယ်ရာများ၊ ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးစာရေး ကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန်ကျန်ရှိသူများကို ကာကွယ်ဆေးများထိုးနှံပေးခဲ့ကာကျေးရွာ ၂ ကျေးရွာတို့မှ မုန်တိုင်းရှောင်ပြည်သူများအား နယ်မြေခံရေတပ်စခန်းဌာနချုပ်မှ မြစ်တွင်းသွားရေယာဉ်များဖြင့် သက်ဆိုင်ရာနေရပ် အသီးသီးသို့ ပြန်လည်ကူညီပို့ဆောင် ပေးခဲ့ပါသည်။

မုန်တိုင်းငယ်ဝင်ရောက်မှုကြောင့် ထိခိုက်ပျက်စီးမှုအနေဖြင့် မတ် ၂၂ ရက်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လပွတ္တာ၊ ဟင်္သာတ၊ ဘိုကလေး၊ သာပေါင်း၊ မော်လမြိုင်ကျွန်း၊ ကျိုက်လတ်၊ ငပုတော၊ ပုသိမ်၊ ဖျာပုံ၊ ဒေးဒရဲ၊ အင်္ဂပူ၊ မအူပင်မြို့နယ်နှင့် ဟိုင်းကြီးကျွန်းမြို့နယ်တို့ရှိ လူနေအိမ်အချို့ အမိုးလန်၊ ပြိုကျပျက်စီးခြင်းများ ဖြစ်ပေါ် ခဲ့ပြီး မတ်လ ၂၃ ရက် မြန်မာစံတော်ချိန် (၁၇:၃၀) နာရီအချိန် တိုင်းထွာချက်များအရ လေဖိအားနည်းရပ်ဝန်းသည် အားပျော့ပျက်ပြယ်သွားခဲ့ပြီး အစိမ်းရောင်အဆင့်ဟု သတ်မှတ်ခဲ့ပါသည်။

ယနေ့ကြုံတွေ့နေရသည့် သဘာဝဘေးအန္တရာယ်ကိုလည်း နိုင်ငံတော်အစိုးရနှင့်အတူ ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုနှင့် ညီညွတ်သောစွမ်းအားများဖြင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကြောင့် အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးမှုများကို အနည်းဆုံးလျှော့ချနိုင်ရေး စနစ်တကျကြိုတင်ပြင်ဆင် ဝိုင်းဝန်းဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။

  •  ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၁ မြို့နယ်တို့မှ လေဘေးသင့်ပြည်သူများအား ဧရာဝတီတိုင်းဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများမှ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါပုံးနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့။
  • မုန်တိုင်းရှောင် ပြည်သူများအား နယ်မြေခံရေတပ်စခန်းဌာနချုပ်မှ မြစ်တွင်းသွား ရေယာဉ်များဖြင့် သက်ဆိုင်ရာနေရပ် အသီးသီးသို့ ပြန်လည်ပို့ဆောင်ခဲ့။
  • မုန်တိုင်းငယ်ဝင်ရောက်မှုကြောင့် ထိခိုက်ပျက်စီးမှုအနေဖြင့် မတ် ၂၂ ရက်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၃ မြို့နယ်တို့တွင် လူနေအိမ်အချို့ အမိုးလန်၊ ပြိုကျပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး မတ်လ ၂၃ ရက်တွင် လေဖိအားနည်း ရပ်ဝန်းသည် အားပျော့ပျက်ပြယ်သွားခဲ့ပြီး အစိမ်းရောင်အဆင့်ဟု သတ်မှတ်

Add new comment