(၇၇)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပါဝင်စစ်ရေးပြကြမည့် စစ်ရေးပြ စစ်ကြောင်းကြီးများ ဝတ်စုံပြည့်စစ်ရေးပြလေ့ကျင့်

၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သော (၇၇) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်စစ်ရေးပြကြမည့် အနော်ရထာစစ်ကြောင်း၊ ကျန်စစ်သားစစ်ကြောင်း၊ ဘုရင့်နောင်စစ်ကြောင်း၊ အောင်ဇေယျစစ်ကြောင်း၊ ဆင်ဖြူရှင်စစ်ကြောင်း၊ ဗန္ဓုလစစ်ကြောင်းနှင့် မြဝတီစစ်ကြောင်းများသည် မတ်လ ၂၃ ရက်တွင် စုရပ်ဖြစ်သည့် သစ်တပ်ကွင်းမှ နေပြည်တော်စစ်ရေးပြကွင်းသို့ တပ်မတော်စစ်တီးဝိုင်းအဖွဲ့များ၏ တီးခတ်မှုနှင့်အတူ စစ်ချီသီချင်းများ သီဆို၍ ညီညာစွာချီတက်ကြပြီး စစ် ရေးပြအခမ်းအနားအစီအစဉ်အတိုင်း ဝတ်စုံပြည့်စစ်ရေးပြလေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့လေ့ကျင့်နေမှုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီးစိုးဝင်းနှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ တပ်မတော်နေ့ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်နေ့ကျင်းပရေး စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

အဆိုပါစစ်ရေးပြအခမ်းအနားတွင် တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ အရာရှိ၊ စစ်သည်များ၊ အမျိုးသမီးတပ်ဖွဲ့ဝင်များနှင့် တပ်မတော်(ရေ) အထူးစစ်ဆင်ရေးတပ်ဖွဲ့(Navy SEALs)၊ အမျိုးသမီးအထူးတပ်ဖွဲ့ဝင်များ၊ တပ်မတော်(ကြည်း) ယန္တရားတပ်ဖွဲ့ဝင်များ၊ တပ်မတော်(ရေ)ယန္တရားတပ်ဖွဲ့ဝင်များနှင့် တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များပါဝင်ကြောင်း သိရှိရပါသည်။

  • (၇၇) နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပါဝင်စစ်ရေးပြကြမည့် စစ်ရေးပြစစ်ကြောင်းကြီးများ ဝတ်စုံပြည့်စစ်ရေးပြလေ့ကျင့်မှုကို မတ်လ ၂၃ ရက် တွင်ပြုလုပ်ခဲ့ပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့။
  • စစ်ရေးပြအခမ်းအနားတွင် တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ အရာရှိ၊ စစ်သည်များ၊ အမျိုးသမီးတပ်ဖွဲ့ဝင်များနှင့် တပ်မတော်(ရေ) အထူးစစ်ဆင်ရေးတပ်ဖွဲ့(Navy SEALs)၊ အမျိုးသမီးအထူးတပ်ဖွဲ့ဝင်များ၊ တပ်မတော် (ကြည်း)နှင့် တပ်မတော်(ရေ) တို့မှ ယန္တရားတပ်ဖွဲ့ဝင်များနှင့် တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များပါဝင်။

Add new comment