အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာအန်တိုနီဘလင်ကင်က မြန်မာ့တပ်မတော် အနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီအသိုက်အဝန်းအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း ပြောကြားချက်သည် နိုင်ငံရေးရည်ရွယ်ချက်ရှိပြီး အချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်နိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်သည့် အချက်အလက်များ ဖော်ပြပါရှိသဖြင့် ပြင်းထန်စွာကန့်ကွက်ပြီး ပြတ်သားစွာပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။
သတင်းထုတ်ပြန်ချက်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာအန်တိုနီဘလင်ကင်က မြန်မာ့တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီအသိုက်အဝန်းအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်မှုကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂၁ ရက်တွင် အမေရိကန်နိုင်ငံ၊ ဝါရှင်တန် မြို့ရှိ ဟိုလိုကော့စ်အထိမ်းအမှတ်ပြတိုက်၌ ထုတ်ပြန်ကြေညာခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ တွေ့ရှိရသည်။
မြန်မာနိုင်ငံသည် လူမျိုးသုဉ်းသတ်ဖြတ်မှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာစာချုပ်နှင့် ကုလသမဂ္ဂ၏ ပဋိညာဉ်အောက်ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၏ စာချုပ်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ တည်ဆဲသက်ဆိုင်ရာ ကတိကဝတ်များကို အပြည့်အဝလေးစားလိုက်နာလျက်ရှိကြောင်း ထပ်လောင်းအတည်ပြု သည်။ သို့ပါ၍ မြန်မာနိုင်ငံအနေဖြင့် လူမျိုးသုဉ်းစေမှုလုပ်ရပ်များ ကျူးလွန်မှုမရှိခြင်း၊ လူတစ်စုနှင့်တစ်စုဖြစ်စေ၊ လူမျိုးတစ်မျိုးကိုဖြစ်စေ၊ ဘာသာတစ်ခုနှင့် တစ်ခုကိုးကွယ်သည့် လူမျိုးအလိုက်ဖြစ်စေ သတ်ဖြတ်ခြင်း၊ ဖျက်ဆီးခြင်းတို့ မည်သည့်အခါမှ မရှိခဲ့ပါ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်သည် ပကတိအခြေအနေမှန်များနှင့် လွန်စွာကင်းကွာလျက်ရှိပြီး မခိုင်လုံသော အရင်းအမြစ်များ၊ အတည်ပြုနိုင်ခြင်းမရှိသော အချက်အလက်များနှင့် မမှန်မကန်စွပ်စွဲချက်များကို ရည်ညွှန်းကိုးကားထားကြောင်းတွေ့ရှိရသည်။
သို့ပါ၍ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံရေးရည်ရွယ်ချက်ရှိပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်သည့် အချက်အလက်များ ဖော်ပြပါရှိသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်အား ပြင်းထန်စွာကန့်ကွက်ပြီး ပြတ်သားစွာပယ်ချလိုက်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၂ ခုနှစ်၊ မတ်လ ၂၂ ရက်
- မြန်မာနိုင်ငံအနေဖြင့် လူမျိုးသုဉ်းစေမှုလုပ်ရပ်များ ကျူးလွန်မှုမရှိခြင်း၊ လူတစ်စုနှင့်တစ်စုဖြစ်စေ၊ လူမျိုးတစ်မျိုးကိုဖြစ်စေ၊ ဘာသာတစ်ခုနှင့် တစ်ခုကိုးကွယ်သည့် လူမျိုးအလိုက်ဖြစ်စေ သတ်ဖြတ်ခြင်း၊ ဖျက်ဆီးခြင်းတို့ မည်သည့်အခါမှ မရှိခဲ့။
- အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်သည် ပကတိအခြေအနေမှန်များနှင့် လွန်စွာကင်းကွာလျက်ရှိပြီး မခိုင်လုံသော အရင်းအမြစ်များ၊ အတည်ပြုနိုင်ခြင်းမရှိသော အချက်အလက်များနှင့် မမှန်မကန်စွပ်စွဲချက်များကို ရည်ညွှန်းကိုးကားထားကြောင်းတွေ့ရှိရ။
- အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်သည် နိုင်ငံရေးရည်ရွယ်ချက်ရှိပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်သည့် အချက်အလက်များ ဖော်ပြပါရှိသဖြင့် ပြင်းထန်စွာကန့်ကွက်ပြီး ပြတ်သားစွာပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်။
Add new comment