အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ထောက်ပံ့နေသူများနှင့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သူများအား ပြစ်ဒဏ်ချမှတ်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ (အရှေ့ပိုင်း)မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်နေ အမျိုးသား ၈ ဦးတို့သည် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်ရှိ သောင်ကြီးနယ်မြေရဲစခန်းအား ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများပြည်သူများ သွားလာလျက်ရှိသည့်နေရာများ၊ လုံခြုံရေးစခန်းများ၊ နိုင်ငံ ပိုင်အဆောက်အဦများအား ဗုံးထောင်ဖောက်ခွဲခြင်းနှင့် လက်လုပ်မိုင်းများ ပြုလုပ်ခြင်းတို့ကြောင့်လည်းကောင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်နေ အမျိုးသား ၃ ဦး တို့သည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၄)ရပ်ကွက်၊ အေ(၁၆)လမ်း ထိပ်နှင့် (၁၄)လမ်းရှိ အုပ်ချုပ်ရေးမှူးရုံးတို့အား လက်လုပ်ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲတိုက် ခိုက်ခြင်း၊ အမှတ်(၂၂)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၊ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့အား သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လက်နက်၊ ခဲယမ်းများသိုဝှက် သိမ်းဆည်းခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း၌ သင်တန်းတက်ရောက်ခြင်းနှင့် အကြမ်းဖက်တိုက်ခိုက်မှုများတွင် အားပေးကူညီခြင်း၊ အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်းကြောင့်လည်းကောင်း စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (က)နှင့် ၅၀ (ဈ)တို့အရ ၂၀၂၂ ခုနှစ်၊ မတ်လ ၁၇ ရက်တွင် ၎င်းတို့ ၁၁ ဦးအား “ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ်အမိန့်ချ မှတ်ခဲ့ပါသည်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နေ အမျိုးသား ၃ ဦးတို့သည် အမှတ်(၁၀)ရပ်ကွက်နေ ရာအိမ်မှူးတစ်ဦးအား သေနတ်ဖြင့် ဝိုင်းဝန်းလုပ်ကြံသတ်ဖြတ်ခဲ့ခြင်းကြောင့်လည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးတို့သည် အပြစ်မဲ့ ပြည်သူများအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဒဂုံမြို့သစ်(အရှေ့ ပိုင်း)မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမတစ်ဦးအား ဝိုင်းဝန်းလုပ်ကြံသတ်ဖြတ်ခြင်းနှင့် အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂(၁) (ခ) အရ ၂၀၂၂ ခုနှစ်၊ မတ်လ ၁၇ ရက်တွင် ၎င်းတို့ ၇ ဦးအား “သေဒဏ်” အမိန့်ချမှတ်ခဲ့ပါသည်၊၊

စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့်စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါ ပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ကာ ထိထိရောက်ရောက်မြန်မြန်ဆန်ဆန်အရေးယူဆောင်ရွက်လျက်ရှိပါသည်။

  • အများပြည်သူများ သွားလာလျက်ရှိသည့်နေရာများ၊ လုံခြုံရေးစခန်းများ၊ နိုင်ငံပိုင် အဆောက်အဦများအား ဗုံးထောင်ဖောက်ခွဲခြင်း၊ လက်လုပ်မိုင်းများ ပြုလုပ်ခြင်းနှင့် လက်နက်၊ ခဲယမ်းများသိုဝှက် သိမ်းဆည်းခြင်းများ ကျူးလွန်ခဲ့သူ ၁၁ ဦးအား “ထောင်ဒဏ်တစ်သက်” အမိန့်ချမှတ်ခဲ့။
  • ရာအိမ်မှူးတစ်ဦးအား သေနတ်ဖြင့် ဝိုင်းဝန်းလုပ်ကြံသတ်ဖြတ်ခဲ့ခြင်း၊ အထက်တန်းပြဆရာမတစ်ဦးအား ဝိုင်းဝန်းလုပ်ကြံသတ်ဖြတ်ခြင်းနှင့် အပြစ်မဲ့ပြည်သူများအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့သူ ၇ ဦးအား “သေဒဏ်” အမိန့်ချမှတ်ခဲ့။

Add new comment