ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၉) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး (ACDFM-19)ကို မတ် လ ၁၇ ရက်တွင် ဖနောင်းပင်မြို့ရှိ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ စစ်ဦးစီးအရာရှိချုပ်(ကြည်း)နှင့် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်တို့ တက်ရောက်ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၊ တာဝန်ရှိသူများနှင့် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ပါသည်။
တက်ရောက်လာကြသည့် အာဆီယံနိုင်ငံတပ်မတော်များမှ ကာကွယ်ရေးဦးစီးချုပ်များ၊ တာဝန်ရှိသူများက “ဟန်ချက်ညီလုံခြုံရေးအတွက် စည်းလုံးညီညွတ်မှု (Solidarity for Harmonised Security)” ခေါင်းစဉ်ဖြင့် နိုင်ငံအက္ခရာစဉ်အလိုက် အသီးသီးဆွေးနွေးကြရာ မြန်မာ့တပ်မတော်မှ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက-
- “အာဆီယံ” ဟူသည့် ခေါင်းစဉ်အောက်တွင် စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေး အစရှိသည့် မဏ္ဍိုင် ၃ ရပ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လုံခြုံရေးကဏ္ဍသည် အရေးပါသည့်အခြေအနေများ။
- ကမ္ဘာ့အင်အားကြီးနိုင်ငံများအနေဖြင့် ၎င်းတို့၏ ဩဇာလွှမ်းမိုးမှုရှိစေရန်အတွက် “အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး” ဟူသည့် အာဆီယံ၏ အခြေခံစည်းမျဉ်းကိုကျော်လွန်၍ အဖွဲ့ဝင်နိုင်ငံများအကြား ပြည်တွင်းရေးများတွင် ပါဝင်စွက်ဖက်ရန် သွယ်ဝိုက်၊ သို့မဟုတ် တိုက်ရိုက် နည်းလမ်းများဖြင့် ဖိအားပေးတိုက်တွန်းလျက်ရှိသည်ကို တွေ့ရှိနိုင်သည့် အခြေအနေများ။
- လက်ရှိရင်ဆိုင်ကြုံတွေ့နေရဆဲ၊ ကြုံတွေ့ရလာနိုင်သည့် စိန်ခေါ်မှုများကို အာဆီယံ ဒေသတွင်းနိုင်ငံ အချင်းချင်းဟန်ချက်ညီညီစည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပြီး ထိုသို့ပူးပေါင်းဆောင်ရွက်ရာတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့် အခြားအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနှင့် နိုင်ငံအချင်းချင်း တန်းတူရည်တူရှိမှုကို အပြန်အလှန်လေးစားတန်ဖိုးထားရန် လိုအပ်သည့်အခြေအနေများ။
- မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်စဉ်များကြောင့် နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ရပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို စစ်ဘက်၊ အရပ်ဘက် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းခဲ့ကာ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်တို့ကို ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ။
- တည်ဆဲအစိုးရကိုဆန့်ကျင်နေသော အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG ၊ CRPH နှင့် PDF အဖွဲ့များသည် ပြည်တွင်း၊ ပြည်ပ အကြမ်းဖက်သမားများ နှင့်ချိတ်ဆက်၍ မြန်မာနိုင်ငံ အလုံးစုံပျက်သုဉ်းရေးလမ်းကြောင်းကိုသာ ဦးတည်ဆောင်ရွက်နေကြသည့် အခြေအနေများ။
- “စစ်မှန်ပြီးစည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ဖော်ဆောင်ရေး” နှင့် “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး” ဟူသည့် မြန်မာနိုင်ငံ၏ အဓိကရည်မှန်းချက်များကို ဖော်ဆောင်ရန်အတွက် မြန်မာနိုင်ငံတွင် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တစ်ရပ်ကို သတ်မှတ်ကာလတွင် အမြန်ဆုံး အောင်မြင်စွာ ပြန်လည်ကျင်းပနိုင်ရန် လွန်စွာအရေးကြီးသည့်အခြေအနေများ။
- အကြမ်းဖက်အဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ရပ်များသည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပနိုင်ရန် မလွဲမသွေလိုအပ်သည့် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုတို့ကို ထိခိုက်စေလျက်ရှိသည့်အတွက် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို သတ်မှတ်ကာလအတွင်း ကျင်းပနိုင်ရေး၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိစေရေး၊ ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့။
ဆက်လက်ပြီး အာဆီယံတပ်မတော်များ၏ ၂ နှစ်တာ လုပ်ငန်းစီမံချက် ( ၂၀၂၂ -၂၀၂၄) Two Year Activity Working Plan(2022-2024) အား အတည်ပြုကာ ACDFM -19 ၏ ပူးတွဲကြေညာချက် Joint Statement အား အပြီးသတ်ဆွေးနွေးအတည်ပြု လက်မှတ်ရေးထိုးကြပြီးနောက် ACDFM-19 ဥက္ကဋ္ဌ ကမ္ဘောဒီးယား ဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အပိတ်မိန့်ခွန်းပြောကြားကာ အကြိမ် (၂၀) မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး (ACDFM-20) အလှည့်ကျဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်မည့် အင်ဒိုနီးရှားတပ်မတော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ထံသို့ ဥက္ကဋ္ဌတာဝန်များနှင့် အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး (ACDFM) အလံအား လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် ကမ္ဘောဒီးယားဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစားစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
- ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၉) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး (ACDFM-19)ကို မတ်လ ၁၇ ရက်တွင် ကျင်းပပြုလုပ်ခဲ့။
- အစည်းအဝေးတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက- အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အခြားအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နိုင်ငံအချင်းချင်း တန်းတူရည်တူ ရှိမှုကို အပြန်အလှန် လေးစားတန်ဖိုးထားရန် လိုအပ်သည့်အခြေအနေများ၊ NUG ၊ CRPH နှင့် PDF အကြမ်းဖက်အဖွဲ့များသည် ပြည်တွင်း၊ ပြည်ပအကြမ်းဖက်သမားများနှင့်ချိတ်ဆက်၍ မြန်မာနိုင်ငံ အလုံးစုံပျက်သုဉ်းရေးလမ်းကြောင်းကိုသာ ဦးတည်ဆောင်ရွက်နေကြသည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တစ်ရပ်ကို သတ်မှတ်ကာလတွင် အမြန်ဆုံး အောင်မြင်စွာပြန်လည်ကျင်းပနိုင်ရန် လွန်စွာအရေး ကြီးသည့်အခြေအနေများကို ဆွေးနွေးပြောကြားခဲ့။
- အစည်းအဝေးတွင် အာဆီယံတပ်မတော်များ၏ ၂ နှစ်တာ လုပ်ငန်စီမံချက်နှင့် ACDFM -19 ၏ ပူးတွဲကြေညာချက်တို့ကို အတည်ပြုလက်မှတ်ရေးထိုးခဲ့။
- ACDFM-19 ဥက္ကဋ္ဌ ကမ္ဘောဒီးယားဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ACDFM-20 အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် အင်ဒိုနီးရှား တပ်မတော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ထံသို့ ဥက္ကဋ္ဌတာဝန်များနှင့် ACDFM အလံအား လွှဲပြောင်းပေးအပ်ခဲ့။
Add new comment