မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက်ပူဇော်မည့် ကျောက်စာရုံစေတီများ နှင့် သာသနာ့ဗိမာန်တော် ရတနာပန္နက်တော်တင် မဟာမင်္ဂလာအခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း၌ တည်ဆောက်ပူဇော်မည့် ကျောက်စာရုံစေတီများနှင့် သာသနာ့ဗိမာန်တော် ရတနာပန္နက်တော်တင် မဟာမင်္ဂလာအခမ်းအနားကို မတ်လ ၁၆ ရက် တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် ၂၀၂၂ ခုနှစ် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူတော်မူကြမည့် ဆရာတော်ကြီးများ၊ ဒေသခံဩဝါဒါစရိယဆရာတော် ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီး များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဝတ်အသင်းအဖွဲ့များတက်ရောက်ကြည်ညိုကြပါသည်။

မင်္ဂလာအချိန်တွင် နိုင်ငံတော်ဝန်ကြီးချုပ်က ကျောက်စာရုံစေတီဗဟိုပန္နက်တော်ဋ္ဌာနတွင် ရတနာပန္နက်တော်ကိုစိုက်ထူ၍ ပရိတ်နံ့သာရည်များ ပက်ဖျန်းပူဇော်ပြီးနောက် ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ကောင်စီဝင်များက ကျောက်စာရုံ စေတီပန္နက်တော်ဋ္ဌာနရှိ သတ်မှတ်နေရာအသီးသီး၌ ရတနာပန္နက်တော် များကို စိုက်ထူပြီး ပရိတ်နံ့သာရည်ပက်ဖျန်းပူဇော်ကြပါသည်။

ထို့နောက် သံဃာတော်အရှင်သူမြတ်များ ဦးဆောင်၍ “ဇယန္တာ ဗောဓိယာ မူလေ” အစချီသည့် ဇယမင်္ဂလာ အောင်ဂါထာတော်များကို ရွတ်ဆိုပူဇော်ကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းကာ ရတနာရွှေမိုး ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြပါသည်။

အဆိုပါ ကျောက်စာရုံစေတီများတည်ထားနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ရာတွင် ကျောက်စာချပ်ရေပေါင်း ၇၂၉ ချပ် စိုက်ထူထားပြီး ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးဖြစ် သည့်အပြင် ၂၀၁၃ ခုနှစ်တွင် ယူနက်စကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင်ခဲ့သည့် မန္တလေးမြို့၊ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားရှိ ပဉ္စသင်္ဂါယနာတင် ပိဋကတ် ကျောက်စာရုံများအား အလေးထားစံပြု၍ တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်းနှင့် သာသနာ့ဗိမာန်တော်ကြီးကိုလည်း မြန်မာမှု လက်ရာများဖြင့် ခမ်းနားထည်ဝါစွာ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

  • ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ တည်ဆောက်ပူဇော်မည့် ကျောက်စာရုံစေတီများနှင့် သာသနာ့ဗိမာန်တော် ရတနာပန္နက်တော်တင် မဟာမင်္ဂလာအခမ်းအနားကို မတ်လ ၁၆ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ တက်ရောက်ခဲ့။

Add new comment