အနာဂတ်လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် စာသင်ကျောင်းများဖွင့်လှစ်၍ စာပေသင်ကြားပေးလျက်ရှိသည်ကို လိုလားမှုမရှိသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် ပညာရေးဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်လုပ်မိုင်း/ဗုံးများနှင့် လက်နက်ငယ် များဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိပါသည်။
မတ်လ ၁၄ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ရှိ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းဝင်းအတွင်း၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ PDF အကြမ်းဖက်အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် ကျောင်းဝင်းအတွင်း ပင်မအဆောက်အဦ၏ ကျောင်းဆောင်နှင့် ၃ ပေခန့် အကွာရှိ ရေမြောင်းအတွင်းမှ လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ပင်မအဆောက်အဦ၏ အပေါ်ထပ်နှင့် အောက်ထပ် လေကာမှန် ၁၁ ချပ်(တန် ဖိုးငွေကျပ် ၅၅,၀၀၀ ခန့်)ကွဲအက်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရပါသည်။
အကြမ်းဖက်သမားများသည် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ရာတွင် ပညာရေးကဏ္ဍအား အဓိကထားတိုက်ခိုက်လျက်ရှိရာ ကျောင်းသား/သူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိသည်ကို မလိုလားဘဲ ယခုကဲ့သို့ စာသင်ကျောင်းများအား အကြမ်းဖက်လုပ်ရပ်များ ဆက်တိုက်ကျူးလွန်နေသည့်အပေါ် မိဘများ အနေဖြင့် ၎င်းတို့ ရင်သွေးငယ်များ၏ ပညာသင်ကြားနေမှုကို နှောင့်ယှက်ဖျက်ဆီးခံရခြင်းကြောင့် အကြမ်းဖက်သမားများအား ရွံရှာမုန်းတီးလျက်ရှိပါသည်။
စာသင်ကျောင်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
- ကလေးမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းဝင်းအတွင်း၌ PDF အကြမ်းဖက်အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် ကျောင်းဝင်းအတွင်း ပင်မအဆောက်အဦ၏ အပေါ်ထပ်နှင့် အောက်ထပ်လေကာမှန် ၁၁ ချပ်(တန်ဖိုးငွေကျပ် ၅၅,၀၀၀ ခန့်)ကွဲအက်ပျက်စီးခဲ့။
Add new comment