(၁၂) ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များအစည်းအဝေး 12th ASEAN Military Operation Meeting (12th AMOM) ကို မတ်လ ၁၅ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ့တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စစ်ဆင်ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ဦးစွာ (၁၂) ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များအစည်းအဝေး(12th AMOM) ဥက္ကဋ္ဌ ကမ္ဘောဒီးယားဘုရင့်တပ်မတော်မှ Major General Pen Sokrethvithyea က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ယခုနှစ်အစည်းအဝေး၏ “ဟန်ချက်ညီသော လုံခြုံရေးအတွက် စည်းလုံးညီညွတ်မှု အမြင်ချင်းဖလှယ်”(Solidarity for Harmonised Security) ခေါင်းစဉ်အပေါ် အမြင်များအား နိုင်ငံအလိုက် အလှည့်ကျဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ အာဆီယံတပ်မတော်များ၏ ၂ နှစ်တာလုပ်ငန်းစီမံချက် (၂၀၂၂-၂၀၂၄) အား ဆွေးနွေးအတည်ပြုခြင်းအပါအဝင် အခြားကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပြီး နောက် (၁၂) ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များအစည်းအဝေးဥက္ကဋ္ဌက အပိတ်မိန့်ခွန်းပြောကြားပြီး (၁၃)ကြိမ်မြောက် အာဆီယံ တပ်မတော်စစ်ဆင် ရေးမှူးချုပ်များအစည်းအဝေး(13rd AMOM)အား အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် အင်ဒိုနီးရှားတပ်မတော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ထံသို့ ဥက္ကဋ္ဌတာဝန်များအား လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ထို့နောက် အင်ဒိုနီးရှားတပ်မတော်ကိုယ် စားလှယ်အဖွဲ့ခေါင်းဆောင်က လွှဲပြောင်းလက်ခံမှု မိန့်ခွန်းပြောကြားပြီး အစည်းအဝေးအောင်မြင်စွာပြီးစီးခဲ့ကြောင်း သိရှိရပါသည်။
- (၁၂) ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များအစည်းအဝေးကို မတ်လ ၁၅ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ကျင်းပပြုလုပ်ခဲ့။
- အစည်းအဝေးတွင် ယခုနှစ်အစည်းအဝေး၏ “ဟန်ချက်ညီသော လုံခြုံရေးအတွက် စည်းလုံးညီညွတ်မှု အမြင်ခြင်းဖလှယ်” ခေါင်းစဉ်အပေါ် အမြင်များအား နိုင်ငံအလိုက် အလှည့်ကျဆွေးနွေးခဲ့ပြီး အာဆီယံတပ်မတော်များ၏ ၂ နှစ်တာ လုပ်ငန်း စီမံချက် (၂၀၂၂-၂၀၂၄) အား ဆွေးနွေးအတည်ပြုခြင်းအပါအဝင် အခြားကိစ္စရပ်များအား ဆွေးနွေးခဲ့။
- (၁၃) ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များအစည်းအဝေးအား အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် အင်ဒိုနီးရှားတပ်မတော် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ထံသို့ ဥက္ကဋ္ဌတာဝန်များအား လွှဲပြောင်းပေးအပ်ခဲ့။
Add new comment