မတ်လ ၁၄ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပိတောက်လမ်းနှင့် သိပ္ပံလမ်းကြား၌ အမျိုးသား ၂ ဦး မောင်းနှင်လာသည့် ဆိုင်ကယ်ပေါ်မှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာ၌ မိုင်းစထိမှန်ဒဏ်ရာ၊ မီးလောင်ဒဏ်ရာများဖြင့် သေဆုံး နေသည့် အမျိုးသားအလောင်း ၂ လောင်းကိုတွေ့ရှိရပြီး မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ရသည့် အခြေအနေနှင့် ပူးပေါင်းပါဝင်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေအတွင်း ပိတ်ဆို့စုံစမ်းရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။
ထို့သို့ စုံစမ်းရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ မိုင်းစထိမှန်ဒဏ်ရာများရရှိထားသည့် အမျိုးသား ၂ ဦး ရောက်ရှိနေကြောင်း သိရှိရသဖြင့် သွားရောက်စစ်ဆေးခဲ့ရာ ဇွဲဝဏ္ဏထွန်း (၁၇)နှစ် နှင့် အေးမောင်မောင် (၂၇)နှစ် တို့ ၂ ဦးအား တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။
၎င်းတို့၏ ထွက်ဆိုချက်များအရ ဇွဲဝဏ္ဏထွန်း၊ အေးမောင်မောင်နှင့် မျိုးမင်းဦး (၂၀)နှစ်၊ ဟိန်းစိုး(ခ)ရေခဲ(၂၀)နှစ်နှင့် ပေါက်စ(ခ)ယာယာ(၂၀)နှစ်တို့ ၅ ဦးသည် သိပ္ပံလမ်းနှင့် ၇၈ လမ်းထောင့်ရှိ CCTV ပုံးအား မိုင်းထောင်ဖောက်ခွဲရန် ဆိုင်ကယ် ၃ စီးဖြင့် ထွက်ခွာလာခဲ့ရာ ဖြစ်စဉ်ဖြစ်ပွားသည့်နေရာအရောက်၌ ဟိန်းစိုး(ခ)ရေခဲက လွယ်အိတ်အတွင်း သယ်ဆောင်လာသည့်လက်လုပ်မိုင်းအား ထုတ်ယူစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် ဟိန်းစိုး(ခ)ရေခဲနှင့် မျိုးမင်းဦးတို့ ၂ ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌သေဆုံးခဲ့ပြီး ဇွဲဝဏ္ဏထွန်းနှင့် အေးမောင်မောင်တို့တွင် မိုင်းစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ကာ ပေါက်စ(ခ)ယာယာတွင် ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း၊ ဇွဲဝဏ္ဏထွန်း၊ အေးမောင်မောင်နှင့် ပေါက်စ(ခ) ယာယာတို့ ၃ ဦးမှာ အခင်းဖြစ်နေရာမှ ဆိုင်ကယ် ၁ စီးဖြင့် ထွက်ပြေးခဲ့ရာ အမရပူရမြို့နယ်၊ ရှမ်းကလေးကျွန်းကန်ပတ်လမ်းတာရိုးပေါ်အရောက် ဇွဲဝဏ္ဏထွန်းနှင့် အေးမောင်မောင်တို့မှာ ဒဏ်ရာများကြောင့် ဆိုင်ကယ်မစီး နိုင်သဖြင့်လှဲနေစဉ် ဧရာမေတ္တာလူမှုကူညီရေး အသင်းမှ မော်တော်ယာဉ်ဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံသို့ရောက်ရှိသည့်အချိန်တွင် ပေါက်စ(ခ)ယာယာမှာ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါသည်။
အကြမ်းဖက်သမားများအနေဖြင့် လက်လုပ်မိုင်းပြုလုပ်နည်း၊ မိုင်းထောင်နည်းများအား တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများတွင် အချိန်တိုကာလအတွင်း သင်ကြားခြင်း၊ ဆိုရှယ်မီဒီယာမှတဆင့် online အသုံးပြုသင်ကြားခဲ့ခြင်းတို့ကြောင့် ကျမ်းကျွင်စွာတတ်မြောက်မှုမရှိသဖြင့် ယခုကဲ့သို့ မိုင်းထောင်စဉ်ပေါက်ကွဲမှုများ ဖြစ် ပွားကာ သေဆုံးမှုများမကြာခဏ ဖြစ်ပွားလျက်ရှိပြီး ယနေ့အထိ သေဆုံးသူ ၃၅ ဦး၊ ဒဏ်ရာရရှိသူ ၂၉ ဦး ရှိကြောင်း တွေ့ရှိရပါသည်။
ဖြစ်စဉ်တွင် သေဆုံးသူများအား သေမှုသေခင်းရေးဖွင့် ဆောင်ရွက်ထားရှိပြီး ဖမ်းဆီးရမိတရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးနှင့် ထွက်ပြေးတိမ်းရှောင်တရားခံအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
- ချမ်းမြသာစည်မြို့နယ်၌ လက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသား ၂ ဦး သေဆုံးပြီး အမျိုးသား ၂ ဦး ဒဏ်ရာရရှိခဲ့။
Add new comment