သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင်ကိုအပေါ် စီရင်ချက်အမိန့်ချမှတ်

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင်ကို၏ လုပ်ငန်းဆောင်ရွက်ရာတွင် ငွေကြေးနှင့်ပစ္စည်းများ တောင်းခံရယူမှုများအပေါ် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပြီး စစ်ဆေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင်ကိုသည်-

  • နိုင်ငံတော်မှ လူပုဂ္ဂိုလ်များသို့ သာသနာ့နုဂ္ဂဟဘွဲ့တံဆိပ် ၈ မျိုးအား နှစ်စဉ်ချီး မြှင့်ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာပုဂ္ဂိုလ်များထံမှ ငွေသားကျပ်သိန်း ၁၀၀ နှင့်် ငွေကျပ်သိန်း ၃၀၀ တန် Blank Cheque တစ်စောင်လက်ခံရယူခဲ့ခြင်း။
  • လုပ်ငန်းရှင်တစ်ဦးမှ လုပ်ငန်းများ ရေရှည်အဆင်ပြေစေရန်အတွက် ပေးအပ်သည့် ငွေကျပ် ၁,၀၀၅ သိန်းတန်ဖိုးရှိ Ford Everest Titanium မော်တော်ယာဉ်တစ်စီးကို လက်ခံရယူခဲ့ခြင်း။
  • အလေးချိန် ၂၀ ကျပ်သားခန့်ရှိသော ရွှေပန်းကန်တစ်ချပ်ကို ကျသင့်တန်ဖိုးပေး ချေခြင်းမရှိဘဲ လက်ခံရယူခဲ့ခြင်းများ တွေ့ရှိခဲ့ပါသည်။

အဆိုပါ ပြစ်မှုများကြောင့် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်က ၂၀၂၂ ခုနှစ်၊ မတ်လ ၁၄ ရက်တွင် ၎င်းအားရာဇဝတ်ကြီးမှုအမှတ် ၅/၂၀၂၁၊ ၆/၂၀၂၁၊ ၇/၂၀၂၁နှင့် ၃၂/၂၀၂၁ တို့အတွက် အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်စီဖြင့် စုစုပေါင်းအလုပ်နှင့်ထောင် ဒဏ် ၁၂ နှစ်ကျခံစေရန်၊ မော်တော်ယာဉ်တစ်စီး၊ ငွေကျပ်သိန်း ၁၀၀ နှင့် ရွှေပန်းကန်ပြားတို့ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရပါသည်။

  • ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်က ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင်ကိုသည် လုပ်ငန်းဆောင်ရွက်ရာတွင် ငွေကြေးများနှင့် တန်ဖိုးကြီးပစ္စည်းများ လက်ခံရယူခဲ့ခြင်းကြောင့် ၎င်းအား စုစုပေါင်းအလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်ကျခံစေရန်၊ မော်တော်ယာဉ်တစ်စီး၊ ငွေကျပ်သိန်း ၁၀၀ နှင့် ရွှေပန်းကန် ပြားတို့ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းစေရန် အမိန့်ချမှတ်ခဲ့။

Add new comment