KNPP အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့များအနေဖြင့် ကယားပြည်နယ်အတွင်း အစိုးရ၏အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည်ရွယ်၍ လွိုင်ကော်မြို့နှင့် အနီးဝန်းကျင် တစ်ဝိုက်၌ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ အဖျက်အမှောင့်လုပ်ရပ်မျိုးစုံကို လုပ်ဆောင်လာခဲ့ပြီး လူနေအဆောက်အဦများနှင့် ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ အဆောက်အဦများကို အကာအကွယ်ရယူ၍လည်းကောင်း၊ ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအား လူသားတံတိုင်းအဖြစ် အသုံးချ၍လည်းကောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များအား အလစ်အငိုက် ချောင်းမြောင်းတိုက်ခိုက်ခြင်းများ လုပ်ဆောင်လာခဲ့ပါသည်။
ဇန်နဝါရီလ ၁၂ ရက်တွင် အေးချမ်းစွာနေထိုင်လိုသော ဒေသခံပြည်သူအချို့၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် နည်းပညာတက္ကသိုလ် (လွိုင်ကော်) မှ ဆရာ၊ ဆရာမများ၊ ပညာရေးဝန်ထမ်းများသည်လည်း တိုက်ပွဲဖြစ်ပွားရာနေရာမှ လွတ်ကင်းရာသို့ ခေတ္တတိမ်းရှောင်ခဲ့ပြီး ကျောင်းအတွင်း၌ စီမံဝန်ထမ်း ၄ ဦး၊ သင်ကြားရေးဝန်ထမ်း ၃ ဦး အပါအဝင် လုံခြုံရေး၊ သန့်ရှင်းရေးဝန်ထမ်း စုစုပေါင်း ၁၅ ဦးခန့်သာ ကျန်ရှိနေထိုင်ခဲ့ပါသည်။
ထို့နောက်ကယားပြည်နယ်အစိုးရအဖွဲ့၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့များနှင့် ဌာနဆိုင်ရာအကြီးအကဲများမှ ခေတ္တတိုက်ပွဲရှောင်ဒေသခံပြည်သူများကို နယ်မြေလုံခြုံရေး အပြည့်အဝဆောင်ရွက်ထားပြီးဖြစ်၍ နေရပ်ပြန်လာကြရန် နီးစပ်ရာဆွေမျိုးများမှ တစ်ဆင့်ဖိတ်ခေါ်ခဲ့သဖြင့် နေရပ်အသီးသီး၌ ပြန်လည်ရောက်ရှိလာကြပြီး နည်းပညာတက္ကသိုလ်(လွိုင်ကော်)မှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများသည်လည်း ဇန်နဝါရီလ ၂၅ ရက်တွင် ပြန်လည်ရောက်ရှိခဲ့ပါသည်။
ဖေဖော်ဝါရီလအတွင်း၌ နယ်မြေတည်ငြိမ်အေးချမ်းမှု ရှိလာပြီဖြစ်သဖြင့် ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများသည် ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းကော်မတီအဖွဲ့ဖြင့် ဖေဖော်ဝါရီလ ၂၀ ရက်မှစတင်၍ လုံခြုံရေးအခြေအနေအရ ခွင့်ပြုသည့်အချိန်များတွင် သွားရောက်စစ်ဆေးခဲ့ရာ တက္ကသိုလ်ရှိ ဌာနကြီး ၇ ခုမှ ကွန်ပျူတာ ၂၂ လုံး၊ Laptop ၄၉ လုံး၊ Printer ၁၆ လုံး၊ မိတ္တူကူးစက် ၁၆ လုံး၊ ရုံးသုံးပရိဘောဂများ စုစုပေါင်းခန့်မှန်းကာလတန်ဖိုးငွေကျပ် ၁,၁၈၀ သိန်းခန့် ပျောက်ဆုံးပျက်စီးခဲ့သဖြင့် အဆိုပါပစ္စည်းများနှင့်ပတ်သက်၍ မတ်လ ၇ ရက်တွင် လွိုင်ကော်မြို့မရဲစခန်း၌ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရှိရပါသည်။
နည်းပညာတက္ကသိုလ် (လွိုင်ကော်)ရှေ့တွင် ဖောက်လုပ်ထားသည့် ကျေးရွာချင်းဆက်လမ်းမှာ လွိုင်ကော်မြို့မှ အကြမ်းဖက်သမားများ အခြေပြုနေထိုင်လှုပ်ရှားခဲ့သည့် နမ့်မယ်ခုံကျေးရွာနှင့် မိုးဗြဲမြို့များသို့ဆက်သွယ်ထားပြီး တိုက်ပွဲဖြစ်ပွားရာတွင် အကြမ်းဖက်သမားများ အများဆုံးအသုံးပြုခဲ့သည့် လမ်းကြောင်းတစ်ခု ဖြစ်ကြောင်း၊ လမ်းကြောင်းပေါ်ရှိ ရပ်ကွက်၊ ကျေးရွာများအတွင်း၌လည်း ဒေသခံများ တိမ်းရှောင်လျက်ရှိသဖြင့် နေအိမ်များနှင့် ဌာနဆိုင်ရာ အဆောက်အဦများမှ ပစ္စည်းများအား အကြမ်းဖက်သမားများမှ ဖျက်ဆီးခြင်း၊ ခိုးယူခြင်းများလုပ်ဆောင်ခဲ့သောကြောင့် ပြည်သူတို့၏ စည်းစိမ်ဥစ္စာများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ ယခုတက္ကသိုလ်အတွင်းမှ သင်ကြားမှု၊ သင်ယူမှုအထောက်အကူပြုပစ္စည်းများ ပျောက်ဆုံး၊ ပျက်စီးခဲ့ရခြင်းသည်လည်း အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ပျက်စီးစေရန်နှင့် ပညာသင်ကြားမှုကို ပျက်ပြားစေရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိသည့် KNPP အဖွဲ့နှင့် PDF အကြမ်းဖက် အဖွဲ့များ၏ လုပ်ရပ်များပင်ဖြစ်နိုင်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။
အဆိုပါအကြမ်းဖက်အဖွဲ့များအနေဖြင့် ကယားပြည်နယ်အတွင်း၌ စစ်ရေးနှင့် မသက်ဆိုင်သည့် ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အဦများနှင့် လူနေရပ်ကွက် အဆောက်အဦများကို အကာအကွယ်ရယူ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ပြည်သူလူထု၏ စည်းစိမ်ဥစ္စာနှင့် နိုင်ငံပိုင်ပစ္စည်းများအား ပျက်စီးဆုံးရှုံးစေခြင်း စသည့်အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသောကြောင့် ဒေသခံပြည်သူများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ဝိုင်းဝန်းဆောင်ရွက်သွားရန် နှိုးဆော်ထားကြောင်း သိရှိရပါသည်။
- ဖေဖော်ဝါရီလအတွင်း၌ နယ်မြေတည်ငြိမ်အေးချမ်းမှု ရှိလာပြီဖြစ်သဖြင့် ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများသည် ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းကော်မတီအဖွဲ့ဖြင့် ဖေဖော်ဝါရီလ ၂၀ ရက်မှစတင်၍ လုံခြုံရေးအခြေအနေအရ ခွင့်ပြုသည့်အချိန်များတွင် သွားရောက်စစ်ဆေးခဲ့ရာ KNPP အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်ကြောင့် နည်းပညာတက္ကသိုလ် (လွိုင်ကော်) ရှိ သင်ကြားမှု၊ သင်ယူမှုအထောက်အကူပြုပစ္စည်းများ စုစုပေါင်းခန့်မှန်းကာလတန်ဖိုးငွေကျပ် ၁,၁၈၀ သိန်းခန့် ပျောက်ဆုံးပျက်စီးခဲ့။
Add new comment