ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်သည် မတ်လ ၇ ရက်တွင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ ရွှေအင်းသား ဟိုတယ်၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကလောမြို့ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ကလောမြို့အား ခရီးသွား မြို့အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ လတ်တလောဆောင်ရွက်ရန် ကိစ္စရပ်များနှင့် ကာလလတ်၊ ကာလရှည်အစီအမံများချမှတ်၍ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပို့ဆောင်ရေးနှင့် ယာဉ်ရပ်နားရန်ကိစ္စ၊ မြို့၏ရေလိုအပ်ချက် ဖြည့်ဆည်းရေးကိစ္စ၊ ရေနွေးငွေ့စက်ခေါင်းမီးရထား ခရီးစဉ်အကောင်အထည်ဖော်နိုင်ရေး ကိစ္စနှင့် အင်းလေးကန် ရေရှည်သာယာလှပရေးကိစ္စတို့ကို ဆွေးနွေးမှာကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ ရောက်ရှိပြီး၊ ပြည်နယ်အစိုးရရိပ်သာတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးခွန်သိမ်းမောင်၊ ဌာနဆိုင်ရာများ၊ ကျိုင်းတုံ၊ တာချီလိတ်ဒေသရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ကျိုင်းတုံ(မြန်မာ)၊ ဆစ်ဆောင်ပနား(တရုတ်)၊ လွမ်ပရာဘွမ် (လာအို) နှင့် ချင်းမိုင်(ထိုင်း) (၄)နိုင်ငံ ခရီးစဉ်ဒေသတစ်ခု (Four Countries - One Destination) ဖော်ဆောင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်သောကိစ္စများကို ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးခွန်သိမ်းမောင်တို့သည် ကျိုင်းတုံမြို့နယ်၊ ဟိုကျင်းအာခါကျေးရွာရပ်ရွာ လူထုအခြေပြုခရီးသွားလုပ်ငန်း(CBT) ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဗုဒ္ဓဥယျာဉ်တော်နှင့် လွယ်မွေတောင်ပေါ်စခန်းမြို့သို့ ရောက်ရှိပြီး ခရီးစဉ်ဒေသတစ်ခုအဖြစ်ဖော်ဆောင်နိုင်ရေး ဆွေးနွေးမှာကြားခဲ့ပြီးနောက် ရှမ်းယွန်းကုန်ထုတ်လုပ်ငန်းသမဝါယမအသင်းနှင့် ကျိုင်းတုံမြို့၏ အဓိကခရီးသွားဆွဲဆောင်မှုတစ်ခုဖြစ်သည့် သစ်တစ်ပင်တောင်အပန်းဖြေစခန်းကို လှည့်လည် ကြည့်ရှုကာ စခန်းသာယာလှပရေးနှင့် ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်နိုင်ရေးအတွက် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။
- ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့အား ခရီးသွားမြို့အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ လတ်တလောဆောင်ရွက်ရန်ကိစ္စများနှင့် ကာလလတ်၊ ကာလရှည်အစီအမံများ ချမှတ်၍ ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့။
- ပြည်ထောင်စုဝန်ကြီးသည် ကျိုင်းတုံမြို့ပြည်နယ်အစိုးရရိပ်သာ၌ ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး၊ ဌာနဆိုင်ရာများ၊ ကျိုင်းတုံ၊ တာချီလိတ်ဒေသရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ကျိုင်းတုံ(မြန်မာ)၊ ဆစ်ဆောင်ပနား(တရုတ်)၊ လွမ်ပရာဘွမ် (လာအို) နှင့် ချင်းမိုင် (ထိုင်း) (၄)နိုင်ငံ ခရီးစဉ် ဒေသတစ်ခု (Four Countries - One Destination) ဖော်ဆောင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်သောကိစ္စများကို ညှိနှိုင်းဆွေးနွေးခဲ့။
- ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ဟိုကျင်းအာခါကျေးရွာရပ် ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း (CBT) ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့။
- ပြည်ထောင်စုဝန်ကြီးသည် ဗုဒ္ဓဉယျာဉ်တော်နှင့် လွယ်မွေတောင်ပေါ်စခန်းမြို့သို့ ရောက်ရှိပြီး ခရီးစဉ်ဒေသတစ်ခုအဖြစ် ဖော်ဆောင်နိုင်ရေးဆွေးနွေးမှာကြားခဲ့ပြီးနောက် ရှမ်းယွန်းကုန်ထုတ်လုပ်ငန်း သမဝါယမအသင်းနှင့် သစ်တစ်ပင်တောင် အပန်းဖြေစခန်းတို့ကို လှည့်လည်ကြည့်ရှုကာ စခန်းသာယာလှပ ရေးနှင့် ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်နိုင်ရေးအတွက် ဆွေးနွေးမှာကြားခဲ့။
Add new comment