ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နှင့် သီပေါမြို့နယ်တို့ရှိ ကမ္ဘောဇ ဘဏ်ခွဲ (၂)ခုကို သေနတ်ပြခြိမ်းခြောက်၍ လုယက်မှုကျူးလွန်ခဲ့သူ တရားခံများအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။
- ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက် မဲမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်ခွဲအမှတ်(၁၀၆)ရှေ့သို့ မော်တော်ယာဉ် ၁ စီးဖြင့် အမျိုးသား ၃ ဦး(စိစစ်ဆဲ) ရောက်ရှိလာကာ ၁ ဦးမှာ ကား အတွင်းစောင့်နေခဲ့ပြီး ကျန်အမျိုးသား ၂ ဦးအနက် ၁ ဦးမှာ သေနတ်ကိုင်ဆောင်၍ ဘဏ်အတွင်းဝင်ရောက်ကာ ငွေကျပ်သိန်း ၁,၀၀၀ ခန့်အား လုယက်ယူဆောင်ထွက်ပြေးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့။
- ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်တွင် သီပေါမြို့နယ်၊ ပန်းတိမ်မြောက်ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်သို့ ယာဉ်အမှတ် YGN 3E/ 4798 နံပါတ်တပ်ဆင်ထားသည့် TOYOTA GAIA အမျိုးအစား အဖြူရောင်ယာဉ်ဖြင့် အမျိုးသား ၃ ဦး(စိစစ်ဆဲ)ရောက်ရှိလာပြီး ဘဏ်အတွင်းသို့ ဝင်ရောက်လာကာ အမျိုးသား ၁ ဦးက ၎င်းလက်အတွင်း အသင့်ကိုင်ဆောင်လာသည့် ပစ္စတိုသေနတ်ဖြင့် ဘဏ်လုံခြုံရေးနှင့် ဘဏ်အတွင်းငွေထုတ်ရန် ရောက်ရှိနေသူများအား သေနတ်ပြခြိမ်းခြောက်ကာ ကြမ်းပြင်ပေါ်သို့မှောက်ခိုင်းထား၍ ကျန်အမျိုးသား ၂ ဦးက ဓားများကိုယ်စီကိုင်ဆောင်ကာ ဘဏ်ငွေသွင်းကောင်တာ စားပွဲပေါ်ရှိ ငွေကျပ် ၁,၉၅၅ သိန်းအား အသင့်ယူဆောင်လာသည့် လက်ဆွဲဆာလာအိတ်အတွင်းထည့်၍ ငွေများအားယူဆောင်ကာ ကျောက်မဲမြို့ဘက်သို့ မော်တော်ယာဉ်ဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့သည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့။
အထက်ပါဖြစ်စဉ်မှ လုယက်မှုကျုးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အထူးအမှုစစ်အဖွဲ့ဖြင့် နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်း၊ ပိတ်ဆို့ ရှာဖွေခြင်းများဆောင်ရွက်ခဲ့ရာ သီပေါမြို့ ကမ္ဘောဇဘဏ်အား လုယက်မှုကျူးလွန်သူများသည် လုယက်ရာတွင် အသုံးပြုခဲ့သည့် TOYOTA GAIA အမျိုးအစား အဖြူရောင်ယာဉ်အား ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအုပ်စု၊ လုပ်ပါကျေးရွာအနီး လမ်းဘေးတွင်ရပ်တန့်လျက် တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။
ဆက်လက်၍ လုယက်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ကွင်းဆက်မပြတ် စုံစမ်းဖော်ထုတ်ခဲ့ရာ သိမ်းဆည်းရမိသည့် မော်တော်ယာဉ်အား စီးနင်းမောင်းနှင်အသုံးပြုခဲ့ပြီး လုယက်မှုကျူးလွန်ရာတွင် မသင်္ကာတရားခံဖြစ်သော မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ သာစည်ရွာသစ်ကျေးရွာနေ တရားခံ သော်ဇင် အုံး (၃၂)နှစ်အား ပုသိမ်ကြီးမြို့နယ်၊ မင်္ဂလာကျေးရွာ၌ ဖမ်းဆီးထိန်းသိမ်းရမိခဲ့ပါသည်။
တရားခံ သော်ဇင်အုံး၏ ထွက်ဆိုချက်အရ ၎င်းသည် သီပေါမြို့နယ်ရှိ ကမ္ဘောဇဘဏ်လုယက်မှုဖြစ်စဉ်တွင် မပါဝင်ခဲ့ကြောင်းနှင့် လုယက်မှုအား ၎င်း၏သူငယ်ချင်းများဖြစ်သည့် ငွေလင်းထွန်း၊ ပြည့်စုံဝင်းဆင်နှင့် မျိုးမြင့်ဟန်(ခ)ပလောင်တို့ ၃ ဦးက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသဖြင့် ငွေလင်းထွန်း(၂၈)နှစ်၊ ၎င်း၏ ရည်းစားဖြစ်သူ နှင်းနှင်းဦး(၃၀)နှစ်၊ ပြည့်စုံဝင်းဆင်(၂၉)နှစ်နှင့် ဇနီးဖြစ်သူ မဆိုင်းပန် နူး(ခ)မြတ်နိုး(၂၇)နှစ်နှင့် မျိုးမင်းဟန်(ခ)ပလောင်(၂၆)နှစ်တို့ ၅ ဦးအား အသီးသီး ဖမ်းဆီးရမိခဲ့ပါသည်။
၎င်းတို့ထံမှ သက်သေခံပစ္စည်းများဖြစ်သည့် ငွေကျပ် ၁,၀၂၂ သိန်း၊ ရွှေဆွဲကြိုး ၃ ကုံး၊ ရွှေလက်စွပ် တစ်ကွင်း၊ ရွှေဆွဲသီးတစ်ခု၊ လက်ကိုင်ဖုန်း ၅ လုံး၊ Tablet ၁ လုံး၊ ရွှေဘောက်ချာ ၆ ရွက်နှင့် ငွေစုဘဏ်စာအုပ် ၂ အုပ်၊ လုယက်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် ပစ္စတိုသေနတ်တစ်လက်၊ ၎င်းကျည် ၂ တောင့်၊ Toyota GAIA အမျိုးအစား အဖြူရောင်မော်တော်ယာဉ် ၁ စီးနှင့် လုယက်မှုကျူးလွန်ရာမှရရှိသည့်ငွေများဖြင့် ဝယ်ယူထားသည့် HONDA Fit GE 6 အမျိုးအစား ခဲရောင်မော်တော်ယာဉ် ၁ စီးတို့အား ဖော်ထုတ်သိမ်းဆည်းရမိခဲ့ပါသည်။
ဖမ်းဆီးရမိ တရားခံများ၏ စစ်ဆေးဖော်ထုတ်ချက်နှင့် စစ်ဆေးတွေ့ရှိချက်အရ-
- ဖမ်းဆီးရမိတရားခံများသည် လောင်းကစားများပြုလုပ်ကာ ငွေကြေးလိုအပ်ချက်အရ လုယက်မှုကို ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း။
- ပြည့်စုံဝင်းဆင်သည် လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ပစ္စတိုသေနတ်အား ဇနီးဖြစ်သူ ဆိုင်းပန်နူး(ခ)မြတ်နိုး၏ မောင်ဖြစ်သူ SSP/SSA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ဝင် စိုင်းလီ(စိစစ်ဆဲ)ထံမှ Online မှတစ်ဆင့် ချိတ်ဆက်ကာ ငွေလင်းထွန်းနှင့်အတူ ကျသင့်ငွေ ၁,၆၅၀,၀၀၀ ကျပ်အား တဝက်စီ စိုက်ထုတ်ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း။
- လုယက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့်ငွေများအား ပြည့်စုံဝင်းဆင်နှင့် ငွေလင်းထွန်းတို့မှ တစ်ဦးလျှင် ငွေကျပ်သိန်း ၆၇၀ စီနှင့် မျိုးမြင့်ဟန်(ခ) ပလောင်အား ငွေကျပ် သိန်း ၃၅၀ ကျပ်တို့ အသီးသီးခွဲဝေခဲ့ကြကြောင်း။
- ငွေလင်းထွန်း၏ ရည်းစားဖြစ်သူ နှင်းနှင်းဦးနှင့် ပြည့်စုံဝင်းဆင်၏ ဇနီးဖြစ်သူ ဆိုင်းပန်နူး(ခ) မြတ်နိုးတို့သည် ဘဏ်လုယက်မှု ကျူးလွန်ခဲ့ကြသည်ကို သိရှိရသော်လည်း သက်ဆိုင်ရာသို့ သတင်းပေးပို့တိုင်ကြားရန် ပျက်ကွက်ခဲ့သည့်အပြင် လုယက်ရာမှ ရရှိခဲ့သည့်ငွေများအား လက်ခံသိမ်းဆည်းပေးခြင်းနှင့် ၎င်းငွေ များဖြင့် ရွှေထည်ပစ္စည်းနှင့် အခြားဆက်စပ်ပစ္စည်းများဝယ်ယူရာတွင် ကိုယ်တိုင်ပါဝင်ခဲ့ကြကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့။
- တရားခံဖြစ်သူ ပြည့်စုံဝင်းဆင်နှင့် ငွေလင်းထွန်းတို့သည် နဂါး(ခ) သန့်ဇင်ထွန်းနှင့်အတူ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်တွင် ကျောက်မဲမြို့ရှိ ကမ္ဘောဇဘဏ်အား လုယက်မှုကျူးလွန်ခဲ့ကြကြောင်း၊ လုယက်ရာမှ ငွေကျပ် ၁,၂၉၈.၈၁၅ သိန်းရရှိခဲ့ပြီး ၎င်းတို့ ၃ ဦးမှ ခွဲဝေရယူခဲ့ကြကြောင်း ထွက်ဆိုခဲ့။
- ဖမ်းဆီးရန်ကျန်တရားခံဖြစ်သူ နဂါး(ခ)သန့်ဇင်ထွန်းအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ နောင်ချိုမြို့နယ်၊ ဘူတာရပ်ကွက်(ရှမ်းကုန်း)၌ ဖမ်းဆီးရမိခဲ့။
- တရားခံဖြစ်သူ ငွေလင်းထွန်းနှင့် ပြည့်စုံဝင်းဆင်တို့ ၂ ဦးက လုယက်ရာမှ ရရှိသည့်ငွေများဖြင့် နောင်ချိုမြို့နယ်အတွင်း ၎င်းတို့၏ ကိုယ်ရေးကိုယ်တာကိစ္စရပ်များတွင် အသုံးပြုပေးချေခဲ့သည့် ငွေကျပ်သိန်းပေါင်း (၁၄၀)သိန်းတို့အား ပြန်လည်သိမ်းဆည်းရရှိခဲ့။
အထက်ပါ လုယက်မှုဖြစ်စဉ်(၂)ခုမှ ကျူးလွန်သူ တရားခံအမျိုးသား ၅ ဦး၊ အမျိုးသမီး ၂ ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျန်ရှိသည့်သက်သေခံပစ္စည်းများအား ဆက်လက်စစ်ဆေးဖော်ထုတ်သိမ်းဆည်းသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားရှိပါသည်။
- ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နှင့် သီပေါမြို့နယ်တို့ရှိ ကမ္ဘောဇဘဏ်ခွဲ(၂)ခုကို သေနတ်ပြခြိမ်းခြောက်၍ လုယက်မှုကျူးလွန်ခဲ့သူ တရားခံများအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့။
- လုယက်မှုဖြစ်စဉ်(၂)ခုမှ ကျူးလွန်သူတရားခံအမျိုးသား ၅ ဦး၊ အမျိုးသမီး ၂ ဦးနှင့် သက်သေခံပစ္စည်းများဖြစ်သည့် ငွေကျပ် ၁,၂၂၀ သိန်း၊ ရွှေဆွဲကြိုး ၃ ကုံး၊ ရွှေလက်စွပ်တစ်ကွင်း၊ ရွှေဆွဲသီးတစ်ခု၊ လက်ကိုင်ဖုန်း ၅ လုံး၊ Tablet ၁ လုံး၊ ရွှေဘောက်ချာ ၆ ရွက်နှင့် ငွေစုဘဏ်စာအုပ် ၂ အုပ်၊ လုယက်မှု ကျူးလွန်စဉ် အသုံးပြုခဲ့သည့် ပစ္စတိုသေနတ်တစ်လက်၊ ၎င်းကျည် ၂ တောင့်၊ Toyota GAIA အမျိုးအစား အဖြူရောင်မော်တော်ယာဉ် ၁ စီးနှင့် လုယက်မှုကျူးလွန်ရာမှ ရရှိသည့်ငွေများဖြင့် ဝယ်ယူထားသည့် HONDA Fit GE 6 အမျိုးအစား ခဲရောင်မော်တော်ယာဉ် ၁ စီးတို့အား ဖော်ထုတ်သိမ်းဆည်းရမိခဲ့။
Add new comment