၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ AGD Bank ၌ ဘဏ်ဓားပြတိုက်သူများက ဘဏ်၏ CCTV ထိန်းချုပ်စက်၊ ကွန်ပျူတာများနှင့် ငွေကျပ် ၆၃,၉၅၉,၇၀၁ တို့အား ယူဆောင်သွားသည့် ဓားပြတိုက်မှု ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် မတ်လ ၄ ရက်တွင် ၎င်းဘဏ်ဓားပြတိုက်မှု ဖြစ်စဉ်၌ ပါဝင်ခဲ့သော တရားခံ ရှိုင်းထက်အောင် (၂၈) နှစ်အား မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၌ ယာဉ်အမှတ်၊ 4N/7883 Nissan ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။
တရားခံ ရှိုင်းထက်အောင်၏ ထွက်ဆိုချက်အရ ဘဏ်ဓားပြတိုက်မှုအား ဦးဆောင်သူ ဒေါက်တာ ကောင်းချစ်စိုး၏ သင်္ဃန်းကျွန်းမြို့နယ်ရှိ နေအိမ်အား ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ နေအိမ်အတွင်း၌ ဒေါက်တာ ကောင်းချစ်စိုး (၃၄)နှစ်၊ သီဟအောင် (၂၈)နှစ်၊ ပြည်သိမ်းခိုင် (၂၈)နှစ်၊ ပိုင်စစ်(ခ) ပိုင်စစ်သွေး (၂၅)နှစ်တို့ ၄ ဦးအား ငွေစက္ကူရောရာ ၅,၀၆၉,၅၀၀ ကျပ်၊ အမေရိကန်ဒေါ်လာ ၈,၀၀၀၊ လက်ကိုင်ဖုန်းမျိုးစုံ ၄ လုံး၊ CCTV အထိုင်စက် ၁ လုံး၊ Hard Disk ၉ ခုနှင့် ဓားပြတိုက်ရာတွင် အသုံးပြုခဲ့သော သံကျောက်ဖြတ်အဝိုင်းပြား ၁၅ ပြား၊ တူ ၂ လက်၊ သံတူရွင်း ၂ ချောင်း၊ ကတ်ကြေး ၂ လက်၊ ယာဉ် အမှတ်၊ 8K/2658 Toyota HIACE (ခဲရောင်) မော်တော်ယာဉ် ၁ စီး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်များအရ-
- ဘဏ်ဓားပြတိုက်ရာတွင် အသုံးပြုရန် ဖောက်ခွဲရေးပစ္စည်းများနှင့် ပစ္စတိုအတု ၁ လက်အား Online Shop မှ မှာယူခဲ့ပြီး အခြားလိုအပ်သော ပစ္စည်းများအား အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များမှ ဝယ်ယူခဲ့ကြောင်း။
- ၎င်းနောက် တရားခံ ၅ ဦးတို့သည် AGD Bank ၏ ဖွဲ့စည်းပုံ၊ အခန်းအနေအထားနှင့် လုံခြုံရေးဝန်ထမ်းများ စောင့်ကြပ်မှုအခြေအနေများအား သိရှိနိုင်ရန်အတွက် ဘဏ်သို့ ငွေသွင်း/ ငွေထုတ်သူများပုံစံဖြင့် သွားရောက်လေ့လာ ကြည့်ရှုခဲ့ကြောင်း။
- ၎င်းတို့ ၅ ဦးသည် AGD Bank အနီးသို့ Myanmar Net ကုမ္ပဏီဝန်ထမ်းများအသွင်ဖြင့် သွားရောက်ခဲ့ပြီး ကောင်းချစ်စိုးသည် ဘဏ်လုံခြုံရေးဝန်ထမ်းအား Laptop အားသွင်းလိုသည်ဟု ပြောဆို၍ ဘဏ်အတွင်းသို့ လုံခြုံရေးဝန်ထမ်းနှင့်အတူ ဝင်ရောက်သွားခဲ့ကြောင်း။
- သီဟအောင်သည် ပစ္စတိုအတုအား ကိုင်ဆောင်၍ ပြည်သိမ်းခိုင်၊ ပိုင်စစ်သွေးတို့နှင့်အတူ ဘဏ်အတွင်းသို့ ထပ်မံဝင်ရောက်ခဲ့ပြီး လုံခြုံရေးဝန်ထမ်းများအား ချုပ်နှောင်ထား၍ ဘဏ်အတွင်းရှိ CCTV ကြိုးများအား ဖြတ်တောက်ကာ ဘဏ်ငွေတိုက်အမိုး မျက်နှာကြက်ပေါ်မှ ကျောက်စက်ဖြင့် ဖောက်ထွင်း၍ ငွေတိုက်ခန်း အတွင်းသို့ ဝင်ရောက်ပြီး ငွေများအား ယူဆောင်ခဲ့ကြောင်း။
- ကောင်းချစ်စိုးနှင့် ပြည်သိမ်းခိုင်တို့ ၂ ဦးသည် ဘဏ်ငွေတိုက်ပတ်လည်၌ လက်လုပ်မိုင်း ၅ လုံးအား အချိန်ကိုက်ပေါက်ကွဲစေရန် တပ်ဆင်ခဲ့ပြီး ဓာတ်ဆီလောင်း၍ ထားရှိခဲ့ကြောင်း။
- ဘဏ်ဓားပြတိုက်ရာတွင် ရရှိခဲ့သော ငွေသိန်း ၆၁၀ ကျပ်အား ကောင်းချစ်စိုးသည် သီဟအောင်၊ ပိုင်စစ်သွေး၊ ပြည်သိမ်းခိုင်၊ ရှိုင်းထက်အောင်တို့ ၄ ဦးအား တစ်ဦး လျှင် ငွေကျပ် သိန်း ၃၀ စီ ခွဲဝေပေးခဲ့ပြီး ကျန်ငွေများအား ဒေါက်တာ ကောင်းချစ်စိုးမှ ယူဆောင်ခဲ့ပြီး ၎င်းငွေများမှ ကျပ်သိန်း ၁၆၀ အား အမေရိကန် ဒေါ်လာဖြင့် လဲလှယ်ခဲ့ရာ ဒေါ်လာ ၈,၀၀၀ ရရှိခဲ့ကြောင်း။
- ကောင်းချစ်စိုးသည် ဓားပြတိုက်ရာတွင် အသုံးပြုခဲ့သည့်မော်တော်ယာဉ်အား ကျော်စိန်ဝင်းထံမှ မော်တော်ယာဉ်အား ငွေကျပ်သိန်း ၂၅၀ ဖြင့် အပိုင်ဝယ်ယူခဲ့သည့်အပြင် ယာဉ်အမှတ်၊ 4N/7883 Nissan ယာဉ်အား ငွေကျပ်သိန်း ၉၀ ဖြင့်ထပ်မံဝယ်ယူခဲ့ကြောင်း ဖော်ထုတ်သိရှိရပါသည်။
CRPH ၊ NUG နှင့် PDF အကြမ်းဖက်အဖွဲ့များမှ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် ပြည်သူလူထုအား ထိတ်လန့်ကြောက်ရွံ့စေရန် ဆောင်ရွက်မှုအပေါ် အခွင့်အရေးတစ်ရပ်အနေဖြင့် အသုံးချကာ လုယက်မှုများအား ကျူးလွန်လာခဲ့ကြောင်း တွေ့ရှိရသဖြင့် AGD Bank ဓားပြတိုက်မှု ကျူးလွန်ရာတွင် ပူးပေါင်းပါဝင်ခဲ့သည့် တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
- ဖေဖော်ဝါရီ ၅ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ AGD Bank ၌ ဓားပြတိုက်မှု ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ဘဏ်ဓားပြတိုက်သူများက ဘဏ်၏ CCTV ထိန်းချုပ်စက်၊ ကွန်ပျူတာများနှင့် ငွေကျပ် ၆၃,၉၅၉,၇၀၁ တို့အား ယူဆောင်သွားခဲ့။
- အဆိုပါတရားခံ ကျား ၅ ဦးတို့အား မတ်လ ၄ ရက်တွင် ငွေစက္ကူရောရာ ၅,၀၆၉,၅၀၀ ကျပ်၊ အမေရိကန် ဒေါ်လာ ၁၀၀ တန် ၈၀ ရွက်(ဒေါ်လာ ၈,၀၀၀)၊ လက်ကိုင်ဖုန်းမျိုးစုံ ၄ လုံး၊ CCTV အထိုင်စက် ၁ လုံး၊ Hard Disk ၉ ခုနှင့် ဓားပြတိုက်ရာတွင် အသုံးပြုခဲ့သော ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့။
- CRPH ၊ NUG နှင့် PDF အကြမ်းဖက်အဖွဲ့များမှ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် ပြည်သူလူထုအား ထိတ်လန့်ကြောက်ရွံ့စေရန် ဆောင်ရွက်မှုအပေါ် အခွင့်အရေး တစ်ရပ်အနေဖြင့် အသုံးချကာ လုယက်မှုများအား ကျူးလွန်လာခဲ့ကြောင်း တွေ့ရှိရ။
Add new comment