ပြင်ဦးလွင်ကျေးလက်ဒေသ စက်ဘီးစီးခရီးစဉ်ပွဲတော် ကျင်းပပြုလုပ်

ဒီဇင်ဘာလ ၂၅ ရက်တွင် ပြင်ဦးလွင်မြို့၊ ခရိုင်ပြည်သူ့ အားကစားကွင်း၌ “ပြင်ဦးလွင် ကျေးလက်ဒေသ စက်ဘီးစီးခရီးစဉ်” ပွဲတော်ကို ကျင်းပခဲ့ပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က အမှာစကားပြောကြားပြီးနောက် ပြည်ထောင်စုဝန်ကြီးက စက်ဘီးစီးခရီးစဉ်ကို သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးခဲ့ပါသည်။ စက်ဘီးစီးခရီးစဉ်လမ်းကြောင်းမှာ ခရိုင်ပြည်သူ့အားကစားကွင်းမှ ပွဲကောက်ရေတံခွန်၊ ပွဲကောက်ရွာ၊ ဒီဇင်ဘာခြံအထိ (၉)မိုင်ခန့် ရှည်လျားပြီး ပြည်တွင်း/ပြည်ပမှ စက်ဘီးစီး ခရီးသွား (၁၅၀)ကျော် ပါဝင်ဆင်နွှဲခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒီဇင်ဘာခြံ၌ ဝင်ရောက်လာသော စက်ဘီးစီးသမားများကို အမှတ်တရလည်ဆွဲတံဆိပ်များ ချီးမြှင့်ကြိုဆိုကြပြီး ပြင်ဦးလွင် ကျေးလက်ဒေသစက်ဘီးစီးခရီးစဉ်ဖြစ်မြောက်ရေးတွင် ပူးပေါင်းပါဝင်သူများကို ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင်ဘူတာသို့ သွားရောက်ကာ ပြင်ဦးလွင်မှ ဂုတ်ထိပ်တံတားသို့ ပြေးဆွဲခုတ်မောင်းမည့် မီးရထားခရီးစဉ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ခရီးစဉ်တွင် လိုက်ပါစီးနင်းသူများကို အမှတ်တရလက်ဆောင်များပေးအပ်၍ ရင်းရင်းနှီးနှီးနှုတ်ဆက်စကားများ ပြောကြားသည်။ အဆိုပါရထားခရီးစဉ်အား ကိုဗစ်−၁၉ စည်းကမ်းချက်များနှင့်အညီ ပုံမှန်လိုက်ပါစီးနင်းနိုင်သည့် ဝင်ဆံ့ဦးရေ၏ ထက်ဝက်ခန့်လျော့ချထားပြီး ခရီးသွားပြည်သူ (၁၄၀)ခန့် လိုက်ပါစီးနင်းခဲ့ကြောင်း သိရှိရပါသည်။

  • ကျေးလက်ဒေသ စက်ဘီးစီးခရီးစဉ်လမ်းကြောင်းမှာ ခရိုင်ပြည်သူ့အားကစားကွင်းမှ ပွဲကောက်ရေတံခွန်၊ ပွဲကောက်ရွာ၊ ဒီဇင်ဘာခြံအထိ (၉)မိုင်ခန့် ရှည်လျားပြီး ပြည်တွင်း/ပြည်ပမှ စက်ဘီးစီးခရီးသွား (၁၅၀)ကျော် ပါဝင်ဆင်နွှဲခဲ့။
  • ပြင်ဦးလွင်-ဂုတ်ထိပ် ရထားခရီးစဉ်အား ကိုဗစ်၁၉ စည်းကမ်းချက်များနှင့်အညီ ပုံမှန်လိုက်ပါစီးနင်းနိုင်သည့် ဝင်ဆံ့ ဦးရေ၏ ထက်ဝက်ခန့်လျော့ချထားပြီး ခရီးသွားပြည်သူ (၁၄၀)ခန့် လိုက်ပါစီးနင်းခဲ့။