ဖမ်းဆီးရမိသည့် အကြမ်းဖက်သမားများအား စစ်တရားရုံးဖြင့် စစ်ဆေးပြီး ပြစ်ဒဏ်အသီးသီးချမှတ်

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ မဟာ ဗန္ဓုလလမ်းနေ ဇော်မင်းဦး(ခ) စွန်ရဲ(ခ)ကြွက်နှင့် ဇနီးဖြစ်သူ ကျင်ကျင်မွှေး(ခ)ပျိုပျိုတို့သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စက်တင်ဘာလအတွင်း ဆူပူဆန္ဒပြမှုဖြစ်စဉ်များတွင် တတ်ကြွစွာပါဝင်လှုပ်ရှားခြင်း၊ အကြမ်းဖက်အဖွဲ့ ဖွဲ့စည်း၍ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များ ကို ကျူးလွန်ခဲ့သည့်အတွက်ကြောင့်လည်းကောင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ပိတောက်ရွှေဝါလမ်းနေ စည်သူဖြိုးသည် အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေငြာထားသည့် အဖွဲ့ အစည်းများနှင့် ဆက်သွယ်ခြင်း၊ ငွေကြေးကောက်ခံထောက်ပံ့ ခြင်းများကို လုပ်ဆောင်ခဲ့သည့်အတွက်ကြောင့်လည်းကောင်း စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ဈ)နှင့် ၅၀(ည)တို့အရ ဒီဇင်ဘာလ ၂၃ ရက်တွင် ၎င်းတို့ ၃ ဦးအား “ထောင်ဒဏ် တစ်သက် ” ပြစ်ဒဏ်အား အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၉ ရက်တွင် ချစ်ကိုကို (ခ)နဂါး၊ မျိုးဇင်အောင်(ခ)ကိုမျိုးနှင့် နေသွေးတို့သည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ် (၆၀)ရပ်ကွက်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား သေနတ်ဖြင့် ဝိုင်းဝန်းပစ်ခတ်ခြင်း၊ လက်လုပ်ဗုံးများဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်းများ ကျူးလွန်ခဲ့သဖြင့် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)/၅၄ အရ ဒီဇင်ဘာလ ၂၃ ရက်တွင် ၎င်းတို့ ၃ ဦးအား “သေဒဏ် ”အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။                                                                                                          

အဆိုပါပြစ်ဒဏ်ချမှတ်ခံရသူများအနက်မှ ထွက်ပြေးလွတ်မြောက်နေသူများအား ၎င်းနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့် ထုံးဥပဒေ ပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ပါသည်။

စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထားသည့် မြို့ နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုး ကိုလည်း ပူးတွဲထုတ်ပြန်ထားပြီး အဆိုပါပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်လျက်ရှိပါသည်။

  • ဆူပူဆန္ဒပြမှုဖြစ်စဉ်များတွင် တတ်ကြွစွာပါဝင်လှုပ်ရှားခြင်းနှင့် အကြမ်းဖက်အဖွဲ့ ဖွဲ့စည်း၍ မိုင်းထောင်ဖောက်ခွဲတိုက် ခိုက်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခြင်းများ ပြုလုပ်ခဲ့သူ ၃ ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဈ) နှင့် ၅၀(ည)တို့အရ “ထောင်ဒဏ် တစ်သက် ” ပြစ်ဒဏ်ချမှတ်ခဲ့။
  • လုံခြုံရေးတပ်ဖွဲ့ဝင်များအား သေနတ်ဖြင့် ဝိုင်းဝန်းပစ်ခတ်ခြင်းနှင့် လက်လုပ်ဗုံးများဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်းတို့ကို ကျူးလွန်ခဲ့သူ ၃ ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ  ၅၀(က)/၅၄အရ “သေဒဏ်”အမိန့်ချမှတ်ခဲ့။