နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၂၃ တွင် တပ်မတော်ဆေးတက္ကသိုလ်၊ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)တို့မှ ကျောင်းအုပ်ကြီးများ၊ နည်းပြအရာရှိကြီးများ၊ ကထိကအရာရှိကြီးများ၊ ဆရာ၊ ဆရာမကြီးများနှင့် သန္ဓေအရာရှိများအား ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံတပ်နယ်ရှိ တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားခဲ့ပါသည်။
လေ့ကျင့်ပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ ပြောကြားရာတွင်-
· စစ်တက္ကသိုလ်နှင့် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (ဗထူး)၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)တို့သည် စစ်ဘက်ခေါင်းဆောင်များကို တိုက်ရိုက်မွေးထုတ်ပေးပြီး ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် စသည့် တက္ကသိုလ်များသည် သက်ဆိုင်ရာဘာသာရပ်များ တတ်ကျွမ်းသည့်စစ်ဘက် ခေါင်းဆောင်များမွေးထုတ်ပေး လျက်ရှိကြောင်း။
· တပ်မတော်တက္ကသိုလ်များနှင့် ပြင်ပတက္ကသိုလ်များသည် သင်ကြားရေးနှင့်ပတ်သက်၍ ကွာခြားမှုများရှိကြောင်း၊ ပြင်ပတက္ကသိုလ်များသည် မိမိကိုယ်တိုင်လေ့လာမှုများကို ဆောင်ရွက်၍ လက်တွေ့လေ့ကျင့်ခန်းများကို ကိုယ်တိုင်တွေးခေါ်မှုနှင့်ဆောင်ရွက်ပြီး စာမေးပွဲဖြေဆိုမှုများကိုပြုလုပ်ရကြောင်း။
· ချွေးထွက်များမှ သွေးထွက်နည်းမည်ဖြစ်သဖြင့် မိမိတို့လေ့ကျင့်မွေးထုတ်ပေးလိုက်သည့် အနာဂတ်ခေါင်းဆောင်များအား လေ့ကျင့်သားပြည့်ဝပြီး တပ်မတော်က အားကိုး အားထားရသူများဖြစ်လာစေရန် စနစ်တကျလေ့ကျင့်ပေးရန်လိုကြောင်း။
· သက်ဆိုင်ရာအဆင့်အလိုက် သင်ကြားပေးလိုက်သည့်ဘာသာရပ်များအား အမှန်တကယ်တတ်ကျွမ်းပြီး လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်စေရေး လေ့ကျင့်သင်ကြားပေးရန်လိုကြောင်း။
· သင်တန်းသားနှင့်နည်းပြအချိုးကို မျှတအောင်ဆောင်ရွက်ပေးပြီးဖြစ်သဖြင့် လေ့ကျင့်သင်ကြားပေးရာတွင် အရည်အချင်းပြည့်ဝသူများ မွေးထုတ်ပေးနိုင်ရမည်ဖြစ်ကြောင်း။
· Guardian စနစ်ဖြင့် အဆင့်ဆင့်ကြပ်မတ်ကွပ်ကဲ၍ သင်တန်းသားများ၏ စိတ်ဓာတ်၊ စည်းကမ်းများ ကောင်းမွန်စေရေး လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း။
· စာပေပညာရပ်များ သင်ကြားပေးရာတွင်လည်း သက်ဆိုင်ရာဘာသာရပ်များအလိုက် အမှန်တကယ်တတ်ကျွမ်း၍ ထူးချွန်သူများဖြစ်အောင် သင်ကြားပေးရန်လိုကြောင်း။
· သင်တန်းသားတစ်ဦးချင်း၏ အနေအထားကိုသိရှိရန်လိုပြီး လိုအပ်ချက်၊ အားနည်းချက်များကိုဖော်ထုတ်၍ ဖိဖိစီးစီးသင်ကြားလေ့ကျင့်ပေးခြင်းဖြင့် အမှန်တကယ်အရည်အချင်း ရှိသည့်သင်တန်းသားအရာရှိများကို မွေးထုတ်ပေးနိုင်ရ မည်ဖြစ်ကြောင်း။
· ထိုသို့မွေးထုတ်ပေးနိုင်ရန်အတွက်လည်း အရည်အချင်း ပြည့်ဝသည့် နည်းပြများကို ရွေးခြယ်ခန့်အပ်ထားခြင်းဖြစ်သဖြင့် မိမိတို့ဖြတ်သန်းလာရသည့် ဘဝအတွေ့အကြုံ၊ တတ်ကျွမ်းထားသည့် ဘာသာရပ်များအလိုက် စာပေပညာ ရပ်များကို အသုံးချ၍ လေ့ကျင့်သင်ကြားပေးရန်လိုကြောင်း။
မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေ များနှင့်ပတ်သက်၍ ပြောကြားရာတွင်-
· ၂၀၁၁ ခုနှစ်နှင့် ၂၀၁၅ ခုနှစ် ဒီမိုကရေစီအစိုးရသက်တမ်းများတွင် တပ်မတော်အနေဖြင့် ဥပဒေအရပေးအပ်ထားသောတာဝန်များကို အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း။
· ၂၀၁၈ ခုနှစ်မှစ၍ အနိုင်ရပါတီ၏လုပ်ဆောင်ချက်များသည် ဥပဒေနှင့်ညီညွတ်ခြင်းမရှိသည်ကို တွေ့ရှိရသဖြင့် မိမိအနေဖြင့် ဒီမိုကရေစီတွင် စည်းကမ်းတကျရှိရန်နှင့် တရား မျှတမှုရှိရန် အကြိမ်ကြိမ်တိုက်တွန်းပြောကြားခဲ့ကြောင်း။
· ရွေးကောက်ပွဲကျင်းပရာ၌ ကြိုတင်မဲပေးခြင်းများဆောင်ရွက်ရာတွင် ဥပဒေနှင့်ညီညွတ်မှုများမရှိသည်ကို သိရှိခဲ့ရပြီး ရွေးကောက်ပွဲကျင်းပချိန်တွင်လည်း မဲစာရင်းမှားယွင်းမှုများဖြစ်ပေါ်ခဲ့သည်ကို အချို့သောပုဂ္ဂိုလ်များနှင့် နိုင်ငံရေးပါတီများ၏ ပြောကြားချက်အရ သိရှိခဲ့ရကြောင်း။
· မဲစာရင်းများအား ပြန်လည်စိစစ်ခဲ့ရာ မဲစာရင်းမှားယွင်းမှုကိုတွေ့ရှိရသဖြင့် အစိုးရအဖွဲ့နှင့် ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများအား မဲစာရင်းမှားယွင်းမှုများအတွက် ဖြေရှင်းပေးရန် အကြိမ်ကြိမ်ပြောကြားခဲ့ကြောင်း။
· တပ်မတော်အနေဖြင့် တာဝန်ရှိသူများနှင့် အကြိမ်ကြိမ်တွေ့ဆုံညှိနှိုင်းခဲ့သော်လည်း ဖြေရှင်းပေးခြင်းမရှိသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာ၍ တာဝန်ယူဆောင်ရွက်ခဲ့ရခြင်း ဖြစ်ကြောင်း။
· နိုင်ငံတော်အား အရေးအပေါ်အခြေအနေဖြင့် တာဝန်ယူဆောင်ရွက်ရခြင်းဖြစ်သော်လည်း ဒီမိုကရေစီနည်းလမ်းအရသာ ဥပဒေနှင့်အညီဆက်လက်ဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍လည်း ဆောင်ရွက်လျက်ရှိကြောင်း။
· နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ရာတွင်လည်း အမုန်းတရားများမဖြစ်ပေါ်စေရန်နှင့် သွေးထွက်သံယိုမှုအနည်းဆုံးဖြစ်စေရန် ထိန်းထိန်းသိမ်းသိမ်းဆောင် ရွက်လျက်ရှိခြင်းဖြစ်ကြောင်း။
· မိမိတို့အနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ ဆန္ဒမဲပေးရာတွင်အတတ်နိုင်ဆုံး မဲစာရင်းမှားယွင်းမှုမရှိစေရေးနှင့် မဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိစေရေး၊ မသမာသည့်နည်းလမ်းဖြင့် မဲပေးမှုမရှိစေရေးတို့အတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
· ဆန္ဒမဲပေးခွင့်ရှိသူများအားလုံး နိုင်ငံသားစိစစ်ရေးကတ်များရရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယခုအချိန်အထိ ၂၅ ရာခိုင်နှုန်းခန့်သာပြီးစီးသေး၍ ၎င်းလုပ်ငန်းစဉ်ကို ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။
· မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခများနှင့် ဆက်စပ်နေသောအဖွဲ့အစည်းများနှင့်စပ်လျဉ်း၍ ခွဲခြားကြည့်ပါက လွတ်လပ်ရေးကာလမှ ၂၀၁၁ ခုနှစ်မတိုင်မီအချိန်အထိ နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ၊ အယူဝါဒများအရ သဘောထားတိုက်ဆိုင်မှုမရှိခြင်းကြောင့် လက်နက်ကိုင်ဆောင်ရွက်ခဲ့သည့် တိုင်းရင်းသားအဖွဲ့များရှိကြောင်း။
· ၎င်းတို့အဖွဲ့များထဲမှ အချို့အဖွဲ့များအနေဖြင့် ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး(NCA) လက်မှတ်ရေးထိုးထားကြသူများဖြစ်သဖြင့် ၎င်းတို့နှင့် ပတ်သက်၍ ငြိမ်းချမ်းရေးနည်းလမ်းအရ ဆွေးနွေးဆောင် ရွက်နေသည့်အဖွဲ့များဖြစ်ကြောင်း။
· သို့သော် ၂၀၁၁ ခုနှစ်ဒီမိုကရေစီအသွင်ကူးပြောင်းပြီး နောက်ပိုင်းတွင် အချို့သောတိုင်းရင်းသားအဖွဲ့များသည် ဒီမိုကရေစီကိုမျက်ကွယ်ပြု၍ လက်နက်ကိုင်ဆောင်ရွက်လာကြကြောင်း။
· ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲမသမာမှုကြောင့် ပေါ်ပေါက်လာသည့် အကြမ်းဖက်အဖွဲ့အစည်းများရှိကြောင်း၊ အဆိုပါအကြမ်းဖက်အဖွဲ့ အစည်းများအား မိမိတို့အနေဖြင့် တွေ့ဆုံဆွေးနွေးရန်မရှိ ကြောင်း။
· မိမိတို့အနေဖြင့် ပြည်သူများကို ကိုယ်စားပြုသည့်နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံရန် အကြိမ်ကြိမ်ဆောင်ရွက်ခဲ့သော်လည်း ပါတီအချို့အနေဖြင့် လာရောက်တွေ့ဆုံဆွေးနွေးခြင်းမရှိကြောင်း။
· အစုအဖွဲ့လိုက် ထောက်ခံသူပြည်သူများကို ပါတီများကသာ ကိုယ်စားပြုပြီး ပုဂ္ဂလိကအနေဖြင့် ကိုယ်စားပြုမှုမရှိ ကြောင်း။
· နိုင်ငံရေးပါတီများသည် ပြည်သူများကိုကိုယ်စားပြုသည့် နိုင်ငံရေးအဖွဲ့အစည်းများဖြစ်သဖြင့် ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။
· ဒီမိုကရေစီကိုမျက်ကွယ်ပြု၍မရဘဲ အရေးယူရန်ရှိသူများကို အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေအထက်တွင်မည်သူမျှရှိ၍မရကြောင်း၊ ဥပဒေနှင့်ညီညွတ်မှု မရှိပါက ဥပဒေနှင့်အညီသာအရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း။
· နိုင်ငံတည်ငြိမ်အေးချမ်းမှုအပေါ်မူတည်၍ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး မိမိတို့အနေဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးမိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ကျောင်းအုပ်ကြီးများ၊ နည်းပြအရာရှိကြီးများ၊ ကထိကအရာရှိကြီးများ၊ ဆရာကြီး၊ ဆရာမကြီးများနှင့် သန္ဓေအရာရှိ များ တက်ရောက်ခဲ့ကြပါသည်။
- ချွေးထွက်များမှ သွေးထွက်နည်းမည်ဖြစ်သဖြင့် မိမိတို့လေ့ကျင့်မွေးထုတ်ပေးလိုက်သည့် အနာဂတ်ခေါင်းဆောင် များအား လေ့ကျင့်သားပြည့်ဝပြီး တပ်မတော်က အားကိုးအားထားရသူများဖြစ်လာစေရန် စနစ်တကျလေ့ကျင့် ပေးရန်လိုကြောင်း။
- သက်ဆိုင်ရာအဆင့်အလိုက် သင်ကြားပေးလိုက်သည့်ဘာသာရပ်များအား အမှန်တကယ်တတ်ကျွမ်းပြီး လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်စေရေး လေ့ကျင့်သင်ကြားပေးရန်လိုကြောင်း။
- နိုင်ငံတော်အား အရေးအပေါ်အခြေအနေဖြင့် တာဝန်ယူဆောင်ရွက်ရခြင်းဖြစ်သော်လည်း ဒီမိုကရေစီနည်းလမ်း အရသာ ဥပဒေနှင့်အညီဆက်လက်ဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍လည်း ဆောင်ရွက်လျက်ရှိကြောင်း။
- နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ရာတွင်လည်း အမုန်းတရားများမဖြစ်ပေါ်စေရန်နှင့် သွေးထွက် သံယိုမှုအနည်းဆုံးဖြစ်စေရန် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်လျက်ရှိခြင်းဖြစ်ကြောင်း။
- မိမိတို့အနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ ဆန္ဒမဲပေးရာတွင်အတတ်နိုင်ဆုံး မဲစာရင်းမှားယွင်းမှုမရှိစေရေးနှင့် မဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိ စေရေး၊ မသမာသည့်နည်းလမ်းဖြင့် မဲပေးမှုမရှိစေရေးတို့အတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။