၂၀၂၁ ခုနှစ် ခရစ္စမတ်နေ့အထိမ်းအမှတ် စုပေါင်း ဂုဏ်ပြုဆုတောင်းပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၂၃ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို၏ ကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့ပါသည်။
အခမ်းအနားသို့ ကောင်စီဝင်များနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြို့တော်ဝန်၊ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကက်သလစ်ဆရာတော်များ၊ ရဟန်းတော်များ၊ ကက်သလစ်သီလရှင်များ၊ ကက်သလစ်လူငယ် အဖွဲ့များနှင့် ခရစ်ယာန်ဘာသာဝင် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီးတို့သည် ဧည့်ခန်းမဆောင်၌ သီးခြားတွေ့ဆုံ၍ နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ၊ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ဘုရားရှိခိုးကျောင်းခန်းမတွင် ခရစ္စမတ် ဆုတောင်းပွဲကိုကျင်းပရာ ကတ်သလစ်ဆရာတော်ကျောင်းတိုက်မိသားစုက ခရစ္စမတ် Carol သီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ဂိုဏ်းချုပ်ဆရာတော်ကြီးက ခရစ္စမတ်ဆုတောင်းပေးခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ခရစ္စမတ်နှုတ်ခွန်းဆက် စကားပြောကြားရာတွင်-
· မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာကိုးကွယ်သူ ၈၇ ရာခိုင်နှုန်း၊ ခရစ်ယာန်ဘာသာ ကိုးကွယ်သူ ၆ ရာခိုင်နှုန်း၊ ဟိန္ဒူဘာသာကိုးကွယ်သူ ၅ ရာခိုင်နှုန်းကျော်ခန့်ရှိပြီး ကိန်းဂဏန်းအရ ကွဲလွဲမှုအနည်းငယ်ရှိနိုင်မည်ဖြစ်သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၃၆၂ နှင့် ၃၆၃ တို့တွင် ဘာသာရေးလွတ်လပ်ခွင့်နှင့် ကူညီစောင့်ရှောက်မှုတို့ အတွက် ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း။
· နိုင်ငံတော်၏ လူဦးရေအများစုကိုးကွယ်ရာ ဗုဒ္ဓဘာသာနှင့်အတူ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူနှင့် အခြားဘာသာဝင်များသည် နှစ်ပေါင်းများစွာကတည်းကပင် အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် အမိနိုင်ငံတော် ကောင်းကျိုးကို အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း။
· တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်ငြိမ်းချမ်းခြင်း၊ သာယာဝပြောခြင်းတို့ဖြင့် ပြည့်စုံစေရေးအတွက် အမျိုးသား နိုင်ငံရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် တက်တက်ကြွကြွပါဝင်လှုပ်ရှားခဲ့ကြောင်း။
· နိုင်ငံတော်အေးချမ်းသာယာဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ ကြိုးပမ်းဆောင်ရွက်မှုများအပြင် ဘာသာရေး၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူလူထုတို့ကလည်း ကဏ္ဍ အသီးသီးမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုအပ်မည်ဖြစ်ကြောင်းနှင့် ငြိမ်းချမ်းလိုသည့်၊ ဖွံ့ဖြိုးတိုးတက်စေလိုသည့်စိတ်ဆန္ဒရှိရန် အဓိကအရေးကြီးပါကြောင်း။
· ခရစ္စမတ်အခါသမယတွင် ခရစ်ယာန်ဘာသာဝင်များအားလုံး၊ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်းနှင့် သက်ဆိုင်ရာဘာသာတရားများ၏ အဆုံးအမနှင့်အညီ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ ကောင်းကျိုးကိုရှေးရှု၍ မေတ္တာနှလုံးသား၊ သည်းခံခွင့်လွှတ်သောစိတ်ထားများဖြင့် စည်းလုံးညီညွတ်စွာ လက်တွဲနေထိုင်လုပ်ကိုင်ဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် ဆုတောင်းစကားပြောကြားခဲ့။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဂိုဏ်းချုပ်ဆရာတော်ကြီးတို့သည် ခရစ္စမတ်ကိတ်မုန့်ကို အတူတကွလှီး၍ ဂုဏ်ပြုကြပြီး နိုင်ငံတော်ဝန်ကြီးချုပ်က ကတ်သလစ်ဆရာတော်ကျောင်းတိုက်မိသားစုအား ခရစ္စမတ်အထိမ်းအမှတ်လက်ဆောင် နှင့် ဂုဏ်ပြုဆုငွေများ၊ အလှူငွေများပေးအပ်ခဲ့သကဲ့သို့ ဂိုဏ်းချုပ်ဆရာတော်ကြီးကလည်း နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များအား ခရစ္စမတ်အထိမ်းအမှတ်လက်ဆောင်များ ပြန်လည်ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
- ၂၀၂၁ ခုနှစ် ခရစ္စမတ်နေ့အထိမ်းအမှတ် စုပေါင်းဂုဏ်ပြုဆုတောင်းပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့။
- မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာကိုးကွယ်သူ ၈၇ ရာခိုင်နှုန်း၊ ခရစ်ယာန်ဘာသာ ကိုးကွယ်သူ ၆ ရာခိုင်နှုန်း၊ ဟိန္ဒူဘာသာ ကိုးကွယ်သူ ၅ ရာခိုင်နှုန်းကျော်ခန့်ရှိပြီး ကိန်းဂဏန်းအရ ကွဲလွဲမှုအနည်းငယ်ရှိနိုင်မည်ဖြစ်သော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၃၆၂ နှင့် ၃၆၃ တို့တွင် ဘာသာရေးလွတ်လပ်ခွင့်နှင့် ကူညီစောင့်ရှောက်မှုတို့ အတွက် ခွင့်ပြုပေးထားပြီးဖြစ်။