စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မြင့်နိုင်သည် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သောကာလအတွင်း တင်ဒါတန်ဖိုး ငွေကျပ်သန်းပေါင်း ၂၀,၀၀၀ ကျော်ရှိသည့်လုပ်ငန်း ၆၆ ခုနှင့် ပတ်သတ်၍ နိုင်ငံတော်အတွက် သက်သာခွင့်ရရှိမည့် ငွေကြေးများ ဆုံးရှုံးနစ်နာခဲ့ခြင်း၊ တင်ဒါလုပ်ငန်း အချက်အလက်များအတွက် ငွေကြေးရယူဆောင်ရွက်မှုတို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူဆောင်ရွက်ခြင်းမပြုနိုင်ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက်အစီရင်ခံစာအား ဖုံးကွယ်/ ဖျောက်ဖျက်ခဲ့ခြင်း၊ မုံရွာမြို့နယ်၊ နိုင်ငံတော်ပိုင်မြေ စုစုပေါင်း ၅ ဒသမ ၇၈ ဧကအား ငွေကြေးရယူကာ လူပုဂ္ဂိုလ်တစ်ဦးသို့ အခြားသုံးစွဲ ခွင့်ပြုခဲ့သဖြင့် ကာလတန်ဖိုး ငွေကျပ် သိန်း ၈၆၇၀ နစ်နာဆုံးရှုံး ခဲ့ခြင်း၊ မုံရွာမြို့ရှိ ကုမ္ပဏီပိုင်ရှင်တစ်ဦးထံမှ ငွေကျပ် ၁၁၀ တန်ဖိုးရှိ HIJET အမျိုးအစား ယာဉ်တစ်စီးအား တောင်းခံလှူဒါန်းခဲ့ခြင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲမှု ဗဟိုကော်မတီ၏ ခွင့်ပြုချက်တစ်စုံတစ်ရာ ရရှိခြင်း မရှိဘဲ ရာထူးတာဝန်ကိုအလွဲသုံးစား လုပ်၍ ဂေဟာမှူးအိမ်အဖြစ် ဆောက်လုပ်ခဲ့ရာ နိုင်ငံတော်ပိုင်မြေ ၂ ဒသမ ၈၅ ဧက နစ်နာဆုံးရှုံးခဲ့သည့်အပြင် မြန်မာ့သတ္ထုတွင်းဥပဒေ၊ နည်းဥပဒေများကို လိုက်နာရန်နှင့် ကြီးကြပ်ဆောင်ရွက်ရန် ပျက်ကွက်ခဲ့သဖြင့် နိုင်ငံတော်ရရှိမည့် အခွန်ငွေ ငွေကျပ်သိန်း ၂၉,၀၀၀ ကျော် နစ်နာဆုံးရှုံးခဲ့ခြင်းတို့ကြောင့် ၎င်းအပေါ် အဂတိတိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ တရားစွဲဆိုတင်ပို့ခဲ့ရာ ရာဇဝတ်မှုအမှတ် ၁/၂၀၂၁ မှ ၇/၂၀၂၁ အထိ အမှုခုနှစ်မှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်တွင် စစ်ဆေးခဲ့ရာ အမှုတစ်မှုလျှင် အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်စီဖြင့် စုစုပေါင်းအမှု ခုနှစ်မှုအတွက် အလုပ်နှင့် ထောင်ဒဏ် ၂၁ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးဟောင်း ဒေါ်နီလာကျော်သည် တာဝန်ထမ်းဆောင်ခဲ့သော ကာလအတွင်း ၎င်း၏လုပ်ပိုင်ခွင့်ကို အသုံးချ၍ ၎င်းနှင့်ခင်မင်ရင်းနှီးသည့် ကုမ္ပဏီကို Quality Controller Company အဖြစ် အသိအမှတ်ပြုလွှာ ထုတ်ပေးခြင်းခဲ့ပြီး ၎င်းကုမ္ပဏီထံမှ စုစုပေါင်းငွေကျပ် ၃,၆၄၃ ဒသမ ၆၀ သိန်းကို လက်ခံရယူခဲ့ခြင်းတို့ကြောင့် ဝန်ကြီးဟောင်း ဒေါ်နီလာကျော်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ တရားစွဲဆိုတင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှု အမှတ် ၈/၂၀၂၁ မှ ၂၃/၂၀၂၁ အထိ အမှု ၁၆ မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် စစ်ဆေးခဲ့ရာ ပြစ်မှုထင်ရှားသဖြင့် စုစုပေါင်း အမှု ၁၆ မှုအတွက် အလုပ်နှင့်ထောင်ဒဏ် ၁၆ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပါသည်။
ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုနှင့် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဌေးတို့သည် ၂၀၁၇ ခုနှစ်အတွင်း ကာလပေါက်ဈေး ငွေကျပ် ၆၅ သန်းကျော် တန်ဖိုးရှိသည့် နိုင်ငံတော်ပိုင်မြေကွက်လပ်အား နိုင်ငံတော်မှ ချီးမြှင့်သည့် သာသနာရေးဆိုင်ရာ ဘွဲ့တံဆိပ်ရရှိမှုကို အကြောင်း ပြု၍ ပုဂ္ဂလိကကုမ္ပဏီတစ်ခုသို့ ပေးအပ်ခဲ့ပြီး အဆိုပါမြေနေရာအား ပြန်လည်အလှူခံ ရယူခဲ့ခြင်း၊ ဦးအယ်လ်ဖောင်းရှိုသည် တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ ပေးအပ်သည့် စုစုပေါင်းငွေကျပ် ၁၉၂ သိန်းကို တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့ခြင်း၊ စက်ယန္တရားငှားရမ်းခရငွေ ငွေကျပ် ၂၃၄ သန်းကျော်ကို ဌာနဆိုင်ရာ ငွေစာရင်းသို့ ပေးသွင်းခြင်းမရှိဘဲ ၎င်း၏အကျိုးစီးပွားအတွက် သုံးစွဲခဲ့ခြင်း၊ ကယားပြည်နယ်နေ့ အခမ်းအနား ကျင်းပသည့် အစိုးရမြေနေရာ (ကယားဒေးကွင်း) အား တင်ဒါခေါ်ယူခြင်းမပြုဘဲ ကုမ္ပဏီတစ်ခုသို့ မြေငှားရမ်း ခွင့်ပြုခဲ့ခြင်းတို့ကြောင့် ၎င်းတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ ကယားပြည်နယ်၊ လွိုင်ကော်မြို့မ ရဲစခန်းတွင် ဖေဖော်ဝါရီလ ၂၇ ရက်၌ ပထမသတင်းပေးတိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သိရှိရပါသည်။
- စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ တရားစွဲဆိုတင်ပို့ခဲ့ရာ ရာဇဝတ်မှုအမှတ် ၁/၂၀၂၁ မှ ၇/၂၀၂၁ အထိ အမှု ခုနှစ်မှုဖြင့် စစ်ဆေးခဲ့ရာ အမှုတစ်မှုလျှင် အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်စီဖြင့် စုစုပေါင်းအမှု ခုနှစ်မှုအတွက် အလုပ်နှင့်ထောင်ဒဏ် ၂၁ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့။
- ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးဟောင်း ဒေါ်နီလာကျော်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ တရားစွဲဆိုတင်ပို့ခဲ့ရာ ရာဇဝတ်မှု အမှတ် ၈/၂၀၂၁ မှ ၂၃/၂၀၂၁ အထိ အမှု ၁၆ မှုဖြင့် စစ်ဆေးခဲ့ရာ စုစုပေါင်းအမှု ၁၆ မှုအတွက် အလုပ်နှင့်ထောင်ဒဏ် ၁၆ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့။
- ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုနှင့် စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဌေးတို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ ကယားပြည်နယ်၊ လွိုင်ကော်မြို့မရဲစခန်းတွင် ပထမသတင်းပေးတိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆိုအရေး ယူနိုင်ရေး ဆောင်ရွက်လျက်ရှိ။
Add new comment