စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်ရှိ အချို့ကျေးရွာများ၌ PDF အကြမ်းဖက်သမားများ ရောက်ရှိခိုအောင်းလျက်ရှိပြီး ဒေသတွင်းဆူပူအကြမ်းဖက်မှုများဖြစ်ပေါ်လာစေရန် စည်းရုံးလှုံ့ဆော်ခြင်း၊ အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား သတ်ဖြတ်ခြင်း၊ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများအား မိုင်းထောင် ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူလူထုနှင့် ခရီးသွားပြည်သူများအား အဓမ္မခြိမ်းခြောက်၍ ဆက်ကြေးတောင်းခံခြင်းများစသည့် အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်နေကြောင်း တာဝန်သိပြည်သူအချို့၏ သတင်းပေးပို့မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၂၈ ရက်တွင် သွားရောက်ရှာဖွေ ဖမ်းဆီးစဉ် သပြေအေးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ရောက်ရှိခိုအောင်းနေသည့် PDF အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများသည် ဆုတ်ခွဲထွက်ပြေးသွားခဲ့ပါသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာသို့ဝင်ရောက်ရှာဖွေခဲ့ရာ PDF အကြမ်းဖက်သမား အလောင်းအချို့၊လက်နက်ခဲယမ်းများနှင့် အခြားဆက်စပ်ပစ္စည်းများ၊ မော်တော်ယာဉ် ၂ စီး၊ ဆိုင်ကယ် ၁ စီးနှင့် လေ့ကျင့်ရေးကွင်းတို့ကို သိမ်းပိုက်ရရှိခဲ့ပါသည်။
အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာအချို့တွင်းဝင်ရောက်၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသဖြင့် အေးချမ်းတည်ငြိမ်စွာနေထိုင်လိုသော ဒေသခံပြည်သူများက အကြမ်းဖက်သမားများအား မလိုလားသဖြင့် ၎င်းတို့၏လှုပ်ရှားမှုသတင်းများအား လျှို့ဝှက်စွာပေးပို့လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့များက ရရှိသည့် သတင်းများပေါ်မူတည်ပြီး ROE နှင့်အညီ နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိပါသည်။
အကြမ်းဖက်သမားများအနေဖြင့် ယခုကဲ့သို့ စစ်ရေးပစ်မှတ်များမဟုတ်သော ဘာသာရေး၊ ပညာရေးဆိုင်ရာ အဆောက်အဦများနှင့် လူနေအိမ်များကို အကာအကွယ်ရယူပစ်ခတ်တိုက်ခိုက်ခြင်း၊ စခန်းချအခြေပြု အကာအကွယ်ယူတိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာဉပဒေတို့အရ စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်ပြီး အဆိုပါရာဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေရာဇသတ်ကြီးနှင့် သက်ဆိုင်ရာတည်ဆဲဉပဒေများဖြင့် ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်မှုနှိမ်နှင်းရေးလုပ်ငန်းများကို ပြည်သူလူထုတို့နှင့်အတူ ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
- ယင်းမာပင်မြို့နယ်အတွင်း ခိုအောင်း၍ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နေသည့် PDF အကြမ်းဖက်သမားများအား ကျေးရွာသားအချို့က သတင်းပို့လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးဖမ်းဆီးခဲ့ရာ ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ၏ အလောင်းအချို့၊ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းအချို့၊ မော်တော်ယာဉ် ၂ စီး၊ ဆိုင်ကယ် ၁ စီးနှင့် လေ့ကျင့်ရေးကွင်းတို့ကို သိမ်းပိုက်ရရှိခဲ့။
- အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာအချို့တွင်းဝင်ရောက်၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသဖြင့် အေးချမ်းတည်ငြိမ်စွာနေထိုင်လိုသော ဒေသခံပြည်သူများက အကြမ်းဖက်သမားများအား မလိုလားသဖြင့် ၎င်းတို့၏လှုပ်ရှားမှုသတင်းများအား လျှို့ဝှက်စွာပေးပို့လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့များက ရရှိသည့် သတင်းများပေါ်မူတည်ပြီး ROE နှင့်အညီ နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိ။
Add new comment