ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓ ဥယျာဉ်တော်တွင် တည်ဆောက်မည့် ကျောင်းဆောင်တော် ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီလ ၂၇ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒနှင့် တပ်ကုန်းမြို့၊ မဟာသီဟနာဒကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာစိဏ္ဏတို့အမှူးပြုသည့် ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြည်ညိုကြပါသည်။
ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဗဟိုပန္နက်တော်ဋ္ဌာနတွင် ရတနာပန္နက်တော်ကို စိုက်ထူ၍ ပရိတ်နံ့သာ ရည်ပက်ဖျန်းပူဇော်ပြီးနောက် ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သတ်မှတ်နေရာအသီးသီး၌ ရတနာပန္နက်တော်များကို စိုက်ထူပူဇော်ပြီး ပရိတ်နံ့သာရည် ပက်ဖျန်းပူဇော်ခဲ့ကြပါသည်။
ထို့နောက် ရှင်းလင်းဆောင်၌ တာဝန်ရှိသူများက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေးလုပ်ငန်းများ တိုးတက်မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သစ်ပင်များအား မိုးမကျမီ အပြီး စိုက်ပျိုးရန်၊ မြန်မာမှုလက်ရာများကို စနစ်တကျဖြစ်စေရေး ရှေးမူလက်ရာများအား လေ့လာ၍ ဆောင်ရွက်ရန်၊ လုပ်ငန်းများစနစ်တကျပြီးစီးစေရေးဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အပိုင်း ၁ နှင့် အပိုင်း ၂ တို့အား ခေတ်မီ စက်ကိရိယာများအသုံးပြု၍ ထွင်းထုပူဇော်နေမှုနှင့် ဉာဏ်တော် ၉ ပေရှိ ဆင်းတုတော်များကို CNC စက်ဖြင့်ထုဆစ်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး၍ ဗုဒ္ဓ ဥယျာဉ်တော်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
- နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်တွင်တည် ဆောက်မည့် ကျောင်းဆောင်တော် ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ခဲ့။
- ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဗဟိုပန္နက်တော်ဋ္ဌာနတွင် ရတနာပန္နက်တော်ကို စိုက်ထူ၍ ပရိတ်နံ့သာရည်ပက်ဖျန်းပူဇော်ပြီးနောက် ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သတ်မှတ်နေရာအသီးသီး၌ ရတနာပန္နက်တော်များ ကို စိုက်ထူပူဇော်ခဲ့။
- မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အပိုင်း ၁ နှင့် အပိုင်း ၂ တို့အား ခေတ်မီ စက်ကိရိယာများအသုံးပြု၍ ထွင်းထုပူဇော်နေမှုနှင့် ဉာဏ်တော် ၉ ပေရှိ ဆင်းတုတော်များကို CNC စက်ဖြင့်ထုဆစ်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့။
Add new comment